မိုးလေအေးသော နေ့ကလေးတစ်နေ့ ...၊ ဟိုအဝေးတွင်တော့ မိုးသားများမည်းနေလေ၏။ ကျွန်ုပ်သည် ဟောခန်းတွင် ဗေဒင်မေးသူများ ရှင်း သွားသဖြင့် စိတ်အေးလက်အေးဖြစ်ကာ အဘ၏ "မရမ်းတလင်း လက်ထောက်ယတြာများ" စာအုပ် ကို ကုလားထိုင်တွင်ထိုင်ကာ အေးအေးလူလူ ဖတ် ရှုဖြစ်နေလေ၏။

ထိုအချိန်တွင် ဖုန်းမြည်လာသဖြင့် ကောက်ကိုင်ကြည့်လိုက်ရာ ညီမငယ်ဖြစ်သူ မော် ထွေးမြင့်ဖုန်း ဖြစ်နေလေ၏။

"အေး ပြော ...၊ မော်ထွေး"ဟု ထူးလိုက် ရလေ၏။

"အစ်ကို့ကို ပြောပြစရာရှိတယ်။ အစ်ကို သိန်းစိုး အမှုဖြစ်နေလို့၊ အဲဒါအဆင်ပြေအောင် လုပ် ပေးဖို့ အစ်ကို့ဆီ ဖုန်းလှမ်းဆက်တာ .."ဟု ပြောရှာ လေ၏။

ကျွန်တော်က မော်လမြိုင်၊ သူတို့ မောင်နှမတွေက ဇာတိမြေ အထက်အညာ တွင်ဖြစ်၍ ခရီးဝေးလှတော့၏။ မောင်နှမရင်း ချာများဖြစ်ပြီး ကျွန်တော်က အကြီးဆုံး။ အစ်ကိုကြီး အဖရာဆိုသလို ဖြစ်နေလေရာ အကျိုးအကြောင်း ပြောပြရင်း အကူအညီတောင်းခြင်း ဖြစ်လေ၏။ အခုမှအသိပေးရသလားဟု မပြောရက်ပါ။

"မင်းလည်း ဆရာကြီးတပည့်ပဲဥစ္စာ၊ လုပ်ပေးပေါ့ မော်ထွေးနှယ်" ဟုတော့ ဆိုမိရလေ၏။

ကျွန်မ မလုပ်ဖြစ်တာကြာတော့ မေ့ကုန် တယ်အစ်ကို ..."

မော်ထွေးသည်လည်း ဆရာကြီး မရမ်းတ လင်း သင်တန်းဆင်းတစ်ဦးဖြစ်လေသည်။ တော အလုပ်တောအကိုင်ကို ဦးစားပေး နေရသည်ဖြစ်ရာ ကြာတော့လည်း မေ့နေရှာပေမည်ဟု မဆူရက် တော့ပါ။

အေးအေး မော်ထွေးရေ ... ဒါဖြင့်ရင် ဒီလို လုပ်ပေးလိုက်။ သိန်းစိုး သူ့မှတ်ပုံတင်ကိုယူ၊ မိတ္တူကူးပြီး ပလတ်စတစ်ကတ်လောင်းလိုက်။ အဲဒီ ပုံကို အငယ်ကောင် သန်းစိုးကို ပေးပြီး သန်းစိုး ကိုယ်တိုင် ပြာကျသွားအောင် မီးရှို့ပြီး ပြာတွေကို ကံတင်ချောင်းမှာ မျှောခိုင်းလိုက်။ ကြားလား သိန်းစိုး အဆင်ပြေသွားလိမ့်မယ်။

နောက်ပြီး လင်ဗန်းတစ်ချပ်မှာ သိန်းစိုး အင်္ကျီတစ်ထည်ခင်း၊ အပေါ်မှာ ဈေးမဆစ်ဘဲ ဝယ် လာတဲ့ လက်ဖက်အစို ကိုးကျပ်သားကို ဖြန့်ထည့်၊ နေပူတဲ့ အမြင့်တစ်နေရာမှတင်ပြီး လက်ဖက်တွေ ခြောက်သွားလည်း အခြောက်မဟုတ်တော့ဘူးလို့ ပြောပြီးထားလိုက်။ အဲဒါကိုတော့ အိမ်နားက ကို လှဝင်းကို အကူအညီတောင်းပြီး သိန်းစိုး မွေးနေ့ သောကြာနေ့ နံနက်ကိုးနာရီက ၁၀ နာရီအတွင်း လုပ်ပေးလိုက်နော်။

 

ဟုတ်ကဲ့အစ်ကို ...ဟုတ်ကဲ့

 

အေးအေး ဒါပဲ။ ငါ့ညီလေး အန္တရာယ်ကင်း ဘေးရှင်းပါစေ ..

 

♦ထင်အောင်လူ(မော်လမြိုင်)♦

Share