ဘိန်းမုန့်ကို ရှလကာရည် လောင်းရသော ယတြာဆန်းတစ်မျိုး
-မင်းသိင်္ခ-
***********************

တစ်နေ့တွင် ကျွနု်ပ်၏မိတ်ဆွေ ကိုတင်မြင့် ဆိုသူ ကျွနု်ပ်ထံသို့ ရောက်လာပြီးလျှင် -
“ဆရာရေ လုပ်ပါဦး သစ်တွေက ဆိပ်ကမ်း ကို ရောက်နေပြီ။ သင်္ဘောတင်ဖို့စရိတ်စက လိုနေ တယ်။ လိုနေတာက သိန်း ရ၀ လောက်လိုနေတယ်။အဲဒါ မနက်ဖြန် ၁၂ နာရီထိုးလို့မှ ကျွန်တော့်ဘက် က မပေးနိုင်ရင် အရှက်ကွဲပါပြီ။ အရှက်ကွဲတာထက် ကျွန်တော် ဒီတစ်သက် ကုန်သည်လုပ်စားလို့ မရ တော့ဘူး။ ဘယ်သူမှလည်း ကျွန်တော့်ကို ယုံမှာ မဟုတ်တော့ဘူး။ ဆရာ့ပညာနဲ့ ကယ်ပါဦး”ဟုဆို ကာ အပူကပ်လေတော့၏။

ကျွနု်ပ်သည် ကောင်းကင်ဆီသို့ မျက်နှာမော့ ထားပြီးလျှင် မျက်စိကို မှိတ်ထားလိုက်လေ၏။ ထိုသို့ မှိတ်ထားလိုက်စဉ်၌ လင်ဗန်းအသေးစားအရွယ်ခန့်ရှိ ဘိန်းမုန့်တစ်ချပ်ကို အာရုံတွင် တွေ့မြင်ရလေ၏။ ဘိန်းမုန့်ကြီးမှာ နီညိုရောင်ကြီးဖြစ်၏။ ဘိန်းစေ့ များလည်း အပြည့်ပါ၏။ ထိုဘိန်းမုန့်ကြီးကို ကျွနု်ပ်၏ မိတ်ဆွေ ကိုတင်မြင့်ဆိုသူသည် မြေကြီးပေါ်တွင် ချခင်းပြီးလျှင် ပုလင်းတစ်လုံးမှရေဖြင့် လောင်းချ နေသည်ကို တွေ့ရလေ၏။ ထိုပုလင်းတွင်လည်း ရှလကာရည်ဟု ရေးထားသည်ကို ထင်ရှားစွာ တွေ့ ရလေ၏။ အာရုံ၌ တွေ့မြင်ရလေ၏။ ထို့ကြောင့် ကျွနု်ပ်က -

“ဒီမှာ ကိုတင်မြင့် ... ဘိန်းမုန့်ကြီးကြီး တစ်ချပ် ၀ယ်ဗျာ။ ပြီးတော့ မြေကြီးမှာချပြီး ရှလကာရည်နဲ့ လောင်းပေတော့။ ခင်ဗျားလိုချင်တဲ့ ငွေတွေ ရလိမ့်မယ်”ဟု ပြောလိုက်မိလေ၏။ ထိုအခါ ကိုတင်မြင့်က -
“မလုပ်ပါနဲ့ ဆရာရယ် ... စားတဲ့သောက် တဲ့ ဟာကြီးကို မြေကြီးပေါ်ချပြီး ရှာလကာရည် လောင်းရမယ်လို့။ ရယ်စရာကြီးဗျာ။ တခြားလူတွေ မြင်ရင်လည်း ကျုပ်ကို ဒီအတိုင်းထားမှာမဟုတ်ဘူး ၀ိုင်းပြီး ရိုက်ကြလိမ့်မယ်”ဟု ပြောလေတော့၏။ ထို့ကြောင့် ကျွနု်ပ်က -
“ယတြာကတော့ အာရုံထဲမှာ အဲဒါပဲတွေ့ တယ်ဗျာ။ ခင်ဗျား လုပ်ချင်လည်း လုပ်၊ မလုပ်ချင် လည်း နေဗျာ”ဟု ပြောလိုက်ရာ ကိုတင်မြင့်လည်း ဂွတ္တလိတ် မြလမ်းရှိ ဘိန်းမုန့်ဆိုင်တွင် ရောင်းသော ဘိန်းမုန့်ကြီးတစ်ချပ်နှင့် ရှလကာရည်တစ်ပုလင်းကို ၀ယ်၍ ကားဖြင့် ထွက်သွားပြီး လူရှင်းသော လမ်း ဘေးတစ်နေရာ၌ ချကာ ရှလကာရည်ဖြင့် လောင်း လေတော့၏။ ထိုသို့ လောင်းပြီး ကျွနု်ပ်ထံသို့ ရောက် လာပြန်၏။ ထိုသို့ ရောက်လာပြီးနောက် -
“ကျွန်တော် လောင်းခဲ့ပြီဆရာ၊ တစ်ခုတော့ ပြောရဦးမယ်နော်။ ဒီအလုပ်က ကျွန်တော်ရော ကျွန် တော့်မိန်းမရော စပ်တူလုပ်တာဆိုတော့ မိန်းမရော လောင်းဖို့ လိုသေးလား”ဟုမေးလေ၏။ ထိုအခါ ကျွနု်ပ်က -
“မလိုပါဘူးဗျာ။ အာရုံထဲမှာ ခင်ဗျားကိုပဲမြင် တာဆိုတော့ ခင်ဗျားမိန်းမ လောင်းဖို့မလိုပါဘူး”ဟု ပြောမိလေ၏။
“ဘယ်ကနေ ဘယ်လိုငွေရမှာလဲ ဆရာ ရယ် ...ဟောစမ်းပါဦး”ဟုဆိုလေ၏။ ထို့ကြောင့် ကျွနု်ပ်လည်း တဲရော့ ကိုချိုးလိုက်ရာ ဘုရင်မ ကတ် ပြားကိုရသဖြင့် “မြန်မာပြည်မှာ ဘုရင်မလို့ လူသိ များတာက ရှင်စောပုပဲဗျ။ ရှင်စောပုလမ်းကလည်း စမ်းချောင်းမှာ ရှိတယ်။ စမ်းချောင်း ရှင်စောပုလမ်းက ရလိမ့်မယ် ထင်တယ်” ဟုပြောမိလေ၏။ ညပိုင်းသို့ ရောက်သောအခါ ၎င်းင်းကိုတင်မြင့် ကျွနု်ပ်ထံသို့ ရောက်လာပြီး ကျွနု်ပ်အတွက် ၀ယ်လာသော ပန်းသေး ခေါက်ဆွဲတစ်ထုပ်အား လှမ်းပေးရင်း -
“ဘိန်းမုန့်နဲ့ လုပ်တဲ့ယတြာကတော့ စွမ်းပြီဗျို့။ ညနေကပဲ သိန်း ရ၀ ရခဲ့ပြီ။ ကျွန်တော့်ကို သိန်း ရ၀ ထုတ်ပြီး ချေးတဲ့လူကတော့ ရှင်စောပုလမ်းက မမြင့်တဲ့။ ဒါပေမဲ့ ပိုက်ဆံကတော့ သူ့ပိုက်ဆံမဟုတ် ဘူး။ သူ့အမေ ဒေါ်ပုရဲ့ ပိုက်ဆံပဲ။ ရှင်စောပု ပိုက် ဆံပေါ့ဗျာ”ဟု ပြောလေတော့၏။

သဗ္ဗေသတ္တာ ကမ္မဿကာ
မင်းသိင်္ခ

Share