ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့ ၏တောင်ဘက်အစွန်ဆုံးတွင် ခွေးတောက်ချောင်း ကျေးရွာနှင့် လဟာကျယ် ကျေးရွာနှစ်ရွာရှိပါတယ်။ ထိုင်းကျေးရွာနှစ်ရွာကြားတွင် အလွန်ကျယ်ပြန့်သော  ပြားတောပြင်ကြီးတစ်ခု ရှိ၏။ ထိုပြားတောတွင် ဂဏန်းကျင်းများ များစွာ ရှိနေပါသည်။
ခွေးတောက်ချောင်း ရွာသား ဖိုးစောဖြူသည်  ဂဏန်းနှိုက်ရာ၌ အလွန်ကျွမ်းကျင်သူတစ်ဦးဖြစ်ပါ သည်။ တစ်နေ့ ဖိုးစောဖြူ ဂဏန်းသွားနှိုက်ရာ ဂဏန်းတစ်လုံးမှ မရပါ။ ဘယ်လိုဖြစ်တာပါလိမ့်။ ဒီလောက် ဂဏန်းကျင်းပေါတဲ့နေရာမှာ ရှေ့ကိုနည်း နည်း လှမ်းကြည့်တော့ အသားမည်းမည်း လူကြီး တစ်ယောက် ဂဏန်းတွေ နှိုက်နေတာ သူ့ပလိုင်း ထဲမှာ အပြည့်အမောက်ပဲ။

ဂဏန်းတွေကလည်း ကြီးမှကြီး။ ဖိုးစောဖြူက



" ဦးလေး ဂဏန်းတွေ ရလှ ချည်လား။ ကျွန်တော်နှိုက်တာ တစ်လုံးမှမရဘူး " ဟု ပြောလိုက်ရာ လူကြီးက လှည့်မကြည့်ဘဲ -
" မင်းဂဏန်းတွေလိုချင်လို့လား " ဟု ပြန်မေး ပါသည်။
" ဟုတ်ကဲ့လိုချင်ပါတယ် " ဟုပြန်ပြောလိုက်ရာ
" အေး မင်းလိုချင်ရင် ငါ့ပလိုင်းကိုယူသွား မင်းပလိုင်းကိုထားခဲ့။ မနက်ဖြန်မင်းပြန်လာရင် အရက် တစ်ပုလင်းယူလာခဲ့ " ဟု မှာကြားလိုက်ပါသည်။ ဖိုးစောဖြူသည် အလွန်ဝမ်းသာစွာဖြင့် ဂဏန်းများထည့် ထားသော ပလိုင်းကြီးကို မနိုင့်တနိုင်ထမ်း၍ ရွာဘက် သို့ထွက်သွားလေ၏။
ရွာကိုရောက်တော့ ဇနီးမသန်းသန်းနှင့် သား ငယ်တို့ကို ပြောပြရာ အလွန်ဝမ်းသာနေ၏။ ထို ဂဏန်းများကို မင်းပြားမြို့သို့ တက်ပြီး ဂဏန်းဒိုင်တွင် ရောင်းချလေ၏။ ဈေးကောင်းရသဖြင့် အရက်တစ် လုံးဝယ် အိမ်အတွက် ရိက္ခာပစ္စည်းများဝယ်ပြီး ပြန် လာရာ မိုးချုပ်ခါနီးမှ ရွာသို့ပြန်ရောက်လာ၏။
နံနက်မိုးလင်းတော့ အရက်ပုလင်း ပလိုင်း  ကြီးချိတ်တို့ ယူဆောင်ပြီး ဂဏန်းကျင်းများရှိရာသို့ ထွက်ခွာလာလေ၏။
အတန်ငယ်လျှောက်သွားလျှင် လူကြီးသည် ဂဏန်းနှိုက်နေသည်ကို လှမ်းမြင်နေရသည်။ ထို အနီး သို့ရောက်သောအခါ ထိုသူ၏မျက်နှာကိုကား မမြင်ရပါ။

" တူလေး မင်းပြန်လာပြီလား။ ငါမှာလိုက် တာ ပါလာသလား " ဟုမေးပါသည်။
" ပါပါတယ်ဦး လေး " ဟုပြောပြီး အရက်ပုလင်းကိုလှမ်းပေးပါသည်။ အရက်ပုလင်းကို လှမ်းယူပြီးဖွင့်၍တစ်ခါတည်းမော့ ချလိုက်ပါသည်။
" မင်းအတွက် ငါဂဏန်းနှိုက်ထား တာရှိတယ်။ အဲ့ပလိုင်းကိုယူပြီးပြန်ပေတော့ မနက်ဖြန် ဒီအချိန်မှာ ဒီထက်ကောင်းတဲ့ အရက်ပုလင်းကိုယူ လာခဲ့" ဟုပြောရာ ဖိုးစောဖြူလည်း သူယူလာခဲ့သော ပလိုင်းကိုထားခဲ့ပြီး ဂဏန်းများပြည့်နေသော ပလိုင်း ကို မနိုင့်တနိုင်ထမ်း၍ ပြန်လာ၏။ ဇနီးနှင့်သားငယ်တို့ ကကြိုဆိုနေကြသည်။ မင်းပြားမြို့ရှိ ဂဏန်းဒိုင်တွင်  ဂဏန်းများကို ရောင်းချရ၏။ အခြားမှလာသွင်းသော ဂဏန်းများထက် ဖိုးစောဖြူ၏ဂဏန်းသည် အကြီးဆုံး ဂဏန်းများဖြစ်၍ ဈေးကောင်းလည်းရရှိပါသည်။ အာ မီရမ်တစ်ပုလင်းနှင့် ကလေးအတွက်မုန့်များဝယ်ပြီး ပြန်လာ၏။ ရွာသို့ စောစောရောက်လေ၏။ ဖိုးစော ဖြူ၏ဇနီးမသန်းသန်းက ကျုပ်တို့ကလေးကိုလဲ ရှင် ပြုရအောင် ပိုက်ဆံစုထားမှရမယ်ဟု တိုင်ပင်ကြ သည်။
မနက်မိုးလင်းတော့ အရက်ပုလင်း၊ ပလိုင်း နှင့် ဂဏန်းချိတ်တို့ကို ယူပြီး ဂဏန်းကျင်းသို့သွား လေသည်။ ဂဏန်းကျင်းသို့ရောက်လျှင်

" ဦးလေး ကျွန်တော်ရောက်ပြီ " ဟု ပြောလိုက်ရာ အရက်ပုလင်း ကိုလှမ်းတောင်း၍တစ်ခါတည်း ဖွင့်ဖောက်၍ မော့ချ လိုက်၏။
" အရက်က တော်တော်ကောင်းတာပဲ နောက်ကိုလည်း ဒီလိုအရက်မျိုးဝယ်ခဲ့ပါ " ဟုပြောပြီး ဖိုးစောဖြူလည်း ဂဏန်းကြီးများ ထည့်ထားသော  ပလိုင်းကို ယူပြီး ပြန်လာ၏။ ဒီလိုနဲ့ နေ့စဉ်ရက်ဆက်  ပြုလုပ်လာရာ တစ်လကျော်ကြာသွားပါပြီ။ ငွေလည်း အတော်အသင့်စုမိ၏။
တစ်နေ့တွင် အရက်ပုလင်းပေးရင်း
" ဦးလေး ဒီဘဝမှာ ဒီလိုပဲနေသွားတော့မှာလား " ဟု မေးရာ ဦးလေးက " ငါ့အတွက်အလှူအတန်းပြုလုပ်မယ့်သူ ကမှ မရှိတာကွာ "  ဖိုးစောဖြူက ကျွန်တော် လုပ်ပေး ပါမယ်ဟု ပြောလေရာ
"ကောင်းတယ် မင်း ကြိုးစား ပါကွာ " ဟုပြောပါသည်။ ဖိုးစောဖြူသည် ဂဏန်း ပလိုင်းကြီးကို ထမ်း၍ပြန်လာ၏။
ယနေ့တော့ မင်းပြားမြို့သို့မသွားဘဲ ကျောင်း ထိုင်ဆရာတော်အား သားရှင်ပြုဖို့ ကိစ္စအပါအဝင် ဂဏန်းပြင်၌ တွေ့ခဲ့သော လူကြီးအကြောင်းကို တင်လျှောက်လေရာ ဆရာတော်ဘုရားက ထိုိလူကြီး ဟာ ဝေမာနိက(ခေါ်)ပရဒတ္တုပဇီဝိတပြိတ္တာ  ဖြစ်နေ တယ်။ သူတစ်ပါးတို့က ပေးကမ်းအပ်သော အစာ ကိုမှီ၍ အသက်ဆက်ရှင်နေပါသည်။ အဲဒီတော့  သား ရှင်ပြုတဲ့အလှူမှာ ဒီဝေမာနိကအတွက် ပြည့်စုံ  ရန်လိုအပ်ပါသည်။
၁။ ခဲဖွယ်ဘောဇဉ် စားစရာ အာဟာရ သပိတ်တွင်ထည့်ရန်
၂။ သောက်သုံးရေ
၃။ ဆေး
၄။ အဝတ်အစား သင်္ကန်း
၅။ ဖိနပ်
၆။ ထီး
၇။ အဆောက်အအုံ သီးခြားဆောက်လုပ် မလှူနိုင်ရင်ဆောက်လုပ်ဆဲ သိမ်၊ ကျောင်းဇရပ်၊ ဓမ္မာရုံစသည်တို့တွင် ငွေ ပါဝင်လှူဒါန်းနိုင်ပါသည်။   ဆရာတော်က အမိန့်ရှိရာ ဖိုးစောဖြူသည် ရှင်ပြု ရန်အတွက် သင်္ကန်းပရိက္ခရာများနှင့် ဦးလေးအတွက်   လိုအပ်သောပစ္စည်းများ ဝယ်ယူစုဆောင်းပါသည်။ နောက်တစ်နေ့ ဂဏန်းပြင်သို့သွားရာ ဦးလေးမှာ ဂဏန်းနှိုက်နေသည်ကို တွေ့ရှိရပါသည်။ ထိုအခါ ဖိုးစောဖြူက အရက်ပုလင်းကမ်းပေးပြီး ဦးလေး သဘက်ခါ ဆရာတော်ကျောင်းမှာ ကျွန်တော့် ကလေးကို ရှင်ပြုပြီး ဦးလေးအတွက်လိုအပ်တာတွေ အလှူအတန်းပြုလုပ်ပါမည်။ ဦးလေးရွာဦး ဘုန်းကြီး ကျောင်းသို့ြွကခဲ့ပါဟု ဖိတ်ကြားပါသည်။ ဖိုးစောဖြူ လည်း ဂဏန်းပလိုင်းအားထမ်း၍ ပြန်လာခဲ့ပါသည်။ မနေ့က ပလိုင်းတစ်လုံး၊ ဒီနေ့တစ်လုံး ပလိုင်း နှစ်လုံးအား တင်ပြီး မင်းပြားမြို့ဂဏန်းဒိုင်တွင် သွား ရောင်းပါသည်။ အလှူအတွက်လိုအပ်သော ပစ္စည်း များဝယ်ပြီး ပြန်လာပါသည်။ ကျေးရွာရွာသူကြီးနှင့် ကာလသားခေါင်းဆောင်များကို ကြိုတင်အကြောင်း ကြားထားပါသည်။ အလှူရက်မတိုင်မီ တစ်ရက် ကြိုတင်၍ ဦးလေးကို ဖိတ်ကြားထားရာ အလှူပွဲ နေ့တွင် ဦးလေးလာပြီး ဘုန်းကြီးကျောင်းဝင်း အပြင် တွင် ထိုင်နေပါသည်။ အလှူပွဲမှ ပေးဝေသော အမျှ အတန်းများကိုရရှိပြီး သာဓုခေါ်ဆိုနိုင်ခဲ့သဖြင့် ယခု ဂဏန်းသရဲဘဝမှ လွတ်မြောက်ပြီး ဒီထက် ကောင်း မွန်သော ဘဝသို့ရောက်ရှိသွားပါပြီ။

ဝဏ္ဏထွန်း-မင်းပြား

Share