သာကေတ ၂ မြောက်ရပ်ကွက်မှ ကိုတင် ဆောင်တို့ ဇနီးမောင်နှံသည် မင်္ဂလာတောင်ညွန့်ရှိ ကြက်ဘဲစျေးတွင် အလုပ်လုပ်ကြသည်။ ကိုတင်ဆောင် သည် ဝယ်ယူသူများ လာအပ်သော ကြက်ဘဲတို့အား အတောင်နှစ်ဖက်ကို စုကိုင်ပြီး နှစ်တစ်လက်မ တုတ် ဖြင့် ကြက်ဘဲကျောကုန်းကို အားရပါးရ ထုရိုက်လေ သည်။ ကြက်ဘဲတို့ သေသေ မသေသေ ရေနွေးအိုး ထဲသို့ ပစ်ထည့်လိုက်၏။ ဇနီးသည်က ဝါးလုံးအတို တစ်ချောင်းနှင့် ရေနွေးအိုးထဲရှိ ကြက်ဘဲတို့အား ရေနွေးရစေရန် ထိုးမွေပေးရ၏။

ကြက်တစ်ကောင် ၁ဝဝ ကျပ်ဖြင့် တစ်ရက် တစ်ရက်ကို အကောင်ရေ ပေါင်း များစွာ ကျောထု၊ ရေနွေးဖျော၊ အမွေးနှုတ် ကြရသည်မှာ ပျော်စရာတစ်မျိုးပင်ဖြစ်တော့သည်။ညနေကြက်ဒိုင် ပိတ်တော့ သူတို့ဆိုင်လည်း မီး တွေငြှိမ်း၊ ရေမိုးချိုး အဝတ်အစားလဲပြီးပြန်လာ ကြ၏။ လမ်းတွင် အရက်ဆိုင်မှ အရက်နှစ်ပုလင်း ဝယ်လာခဲ့သည်။ အိမ်ကိုရောက်တော့ ကလေးများ အတွက် ဝယ်လာသောမုန့်များကိုကျွေးပြီး ဇနီးက ထမင်းဟင်းချက်၏။ ကိုတင်ဆောင်ကား အရက်နှင့် အမြည်းနှင့် ဇိမ်ကျနေ၏။ ထိုကဲ့သို့ နေ့စဉ်ရက်ဆက် ကြက်ကျောကုန်းများကို ထုလာခဲ့သည်မှာ ကြာလှပါ ပြီ။ ကိုတင်ဆောင်လည်း အရက်သမားကြီးလုံးလုံး ဖြစ်နေပါပြီ။

ကိုတင်ဆောင်နေထိုင်မကောင်းဖြစ်လာပါသည်။ အလုပ်မဆင်းနိုင်တော့ပါ။ ရောဂါကား ကျောတစ်ပြင် လုံး အောင့်သည့်ရောဂါ၊ နာကျင်သည့်ရောဂါ၊ ပက် လက်ပင် မအိပ်နိုင်သည့် ကျောကုန်းအောင့်သည့်ရောဂါ ဖြစ်လာပါတော့သည်။ အရက်ကလည်း မသောက်ရ မနေနိုင်။ ဇနီးသည်က အရက်ဖိုးရှာပြီး အရက် ဝယ်ပေးရသည်။ ပတ်ဝန်းကျင်ကလူတွေ ပြော၍ ကိုတင်ဆောင်ကို ဆေးရုံတင်လိုက်ရပါသည်။ ဆေးရုံ ပေါ်မှာတော့ အရက်ကို လုံးဝပေးမတိုက်ပါ။ ဆေးထိုး ဆေးစား စသည်ဖြင့် နေရပါသည်။ တစ်နေ့တော့ ကိုတင်ဆောင် သတိလစ်သွားပါသည်။ သတိပြန် မလည် လာတော့ပါ။ နံနက် ၁ဝ နာရီခန့်တွင် ဆုံးပါး သွားပါသည်။ ၂-မြောက် ရပ်ကွက် နာရေး ကူညီမှု အသင်းမှ အသုဘရက်လည်တဲ့နေ့အထိ ကူညီ ဆောင်ရွက်ကြပါသည်။

ကလေးနှစ်ယောက်မှာလည်း တစ်ယောက် ပြီး တစ်ယောက် ဖျားနာနေကြပါသည်။ ဇနီးသည်က စိတ်ကလည်း ညစ်၊ ညဘက်ရောက်တော့ အိပ်၍ မပျော်၊ ကိုတင်ဆောင် လာနှိုးသလိုမျိုး ခံစားနေရ ပါသည်။

တစ်နေ့တော့ သာကေတရှိ ဆရာကြီး ဦး အောင်ဌေးထံသို့ ကိုတင်ဆောင်ဇနီး ရောက်လာပါ သည်။ အကျိုးအကြောင်း ပြောပြပါသည်။ ဆရာကြီး ကလည်း သမီးရဲ့ ခင်ပွန်း ဘယ်ဘဝရောက်နေပြီလဲ သိချင်သလားဟု မေးရာ သိချင်ပါသည်ဟု ဖြေပါ သည်။

ဆရာတင်ဦးနှင့် ကျွန်တော်တို့သည် စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များတွင် သာကေတရှိ ဆရာကြီး ဦးအောင်ဌေးတို့နေအိမ်သို့ ရောက်ရှိသွားပါသည်။

ဆရာကြီးက ကိုတင်ဆောင်ဇနီးအား ခေါ်၍ ဘုရားကန်တော့ပွဲများ စီမံပြုလုပ်စေပြီး ကျွန်တော့် အား ဆေးပုဝါဖြင့် မျက်စိကို ပိတ်စည်းစေပါသည်။ပိတ်မှောင်နေပါသည်။ သက်ဆိုင်ရာနယ်ပိုင်၊ ကွင်းပိုင် များကို တောင်းပန်ပြီး လွန်ခဲ့သောတစ်လခန့်က ကွယ်လွန်သွားသော ဦးတင်ဆောင် ဘယ်ဘဝကို ရောက်နေပြီလဲ သိချင်ပါတယ်။ လမ်းဖွင့်ပေးပါ ပြော လေရာ မျက်စိထဲတွင် အလင်းတစ်ချက်ရလာပါ သည်။ တောထဲတစ်နေရာတွင် လူတွေကလည်း အများကြီးပဲ။ အားလုံး အကျီကျွတ်ကြီးတွေနဲ့ ဦး တင်ဆောင် ဘယ်မှာလဲဟု ကျွန်တော်က မေးရာ ကျောကုန်းတစ်ခုလုံး ဘုတွေ အစင်းတွေနှင့် တစ် ကိုယ်လုံးမှာလည်း မီးလောင်ဘုတွေနဲ့ အလွန် ပူ လောင် ပြင်းပြသော ဝေဒနာကို ခံစားနေရပါသည်။ဘာဖြစ်လို့လဲဟု ကျွန်တော်က မေးရာ လူ့ဘဝတုန်း က ကြက်တွေကို နှစ်တစ်လက်မတုတ်နှင့်ရိုက်သတ် ပြီး သေသေ မသေသေ ရေနွေးအိုးထဲသို့ပစ်ထည့် လိုက်တဲ့အတွက် ယခုဒီဝဋ်ကြွေးတွေကို ခံစားနေ ရတာပါ။ ဘာလုပ်ပေးရမလဲဟု မေးရာ ဘုန်းကြီး တွေကို သင်္ကန်းတွေ လှူဒါန်းပေးပါ။ ကြားရတဲ့ နေရာက ပေးထားသော အမျှများကို သာဓုခေါ် ဆိုပါမည်။ ဆရာကြီးဦးအောင်ဌေးက ကဲ ... တော် လောက်ပါပြီ။ ကိုတင်ဆောင့် ဇနီးကိုလည်း တတ် နိုင်သလောက် အလှူလုပ်ပေးပါ။ ဤခံစားနေရ သောဘဝမှ လွတ်မြောက်ပါလိမ့်မည်ဟု စေခိုင်း

လိုက် ရပါသည်။ 

ဝဏ္ဏထွန်း-မင်းပြား

မနောမယဝိုင်းတော် သား ဆရာဒိဗ္ဗာန်(ဂမ္ဘီရ)၏ ပြန်လည်သုံးသပ် တင်ပြချက် . . 

စာမူရှင်များအား တင်ပြလိုပါသည်။ မနော မယသည် ဂျာနယ်ဖြစ်ပါသည်။ မဂ္ဂဇင်းမဟုတ်ပါ။စာမျက်နှာ အကန့်အသတ်ရှိပါသည်။ ကိုယ်တွေ့ ဖြစ် ရပ်မှန်ကဏ္ဏသို့ ရေးသားပေးပို့သော စာမူများကို တိုတိုနှင့် လိုရင်းကိုသာ ရေးသားရန်ဖြစ်ပါသည်။ တချို့စာမူများမှာ အကြောင်းအရာဆန်းသစ်ခြင်း၊ တင်ပြပုံ ကောင်းမွန်ခြင်း စသည်ဖြင့် အယ်ဒီတာ အဖွဲ့မှ ကြိုက်နှစ်သက်သော စာမူ ဖြစ်စေကာမူ လွန်စွာ စာမျက်နှာများနေသဖြင့် ရွေးချယ် ရန် အခက် အခဲ ဖြစ်ရပါသည်။ မပယ်ချင်ဘဲ ပယ် လိုက်ရသည့် စာမူများရှိနေပါသည်။ သို့ပါ၍ စာမူရေးသား ပေးပို့သူ များအနေဖြင့် လက်ရေးနှင့်ဆိုလျှင် A4 ဆိုဒ် နှစ် မျက်နှာခွဲ၊ ကွန်ပျူတာစာစီနှင့်ဆိုလျှင် တစ်မျက်နှာခွဲ သာ ရေးသားပေးပို့ ရန်ဖြစ်ပါသည်။

ဆက်လက်တင်ပြမည့် စာမူမှာ ဆရာ ဝဏ္ဏ ထွန်း (မင်းပြား)၏ အမြင်ပညာအမည်ရှိသော စာမူ ဖြစ်ပါသည်။ ကိုတင်ဆောင်ဆိုသူမှာ ကြက်ဘဲများ အား တစ်ကောင်လျှင် ငွေ ၁ဝဝ ကျပ်ဖြင့် လက်ခ စားသတ်ပေးသူဖြစ်သည်။ ကိုတင်ဆောင်သည် တစ်နေ့တစ်နေ့ အကောင်ပေါင်းများ စွာ၏ ကျောကုန်းကို နှစ်တစ်လက်မ သစ်သားတုတ်နှင့် ထုရိုက်၍ သတ် ပေးခြင်းဖြင့် အသက်မွေးသူဖြစ်သည်။

အလုပ်အားချိန်တွင် အရက်နှင့် အပန်းဖြေ သည်ဟုဆို၏။ သူများ၏ အသက်သတ်၍ အသက် မွေးသော်လည်း ဘုရားမှန်းတရားမှန်းသူသတိမရပေ။သူထုရိုက် သတ်ဖြတ်လိုက်သော ကြက်သေသည် မသေသည် မကြည့်အား၊ ပွက်ပွက်ဆူနေသော ရေ နွေးအိုးထဲသို့ အမွေးနှုတ်ရန် ပစ်ထည့်လိုက်သည် သာ။

နှစ်ကာလကြာလာသောအခါ ကာလဝိပတ် နောက်ပိုးတက်သည်ဟု ဆိုသကဲ့သို့ ကိုတင်ဆောင် သည် တူသောအကျိုးပေး ခံစားရသည့်ပမာ ကျောနာ ကျောအောင့်ဝေဒနာစွဲကပ်၍ အိပ်ရာထဲလဲလေ သည်။ သမားတော်များနှင့် ကုသပါသော်လည်း သင်္ခါရတရားကို မလွန်ဆန်နိုင်ဘဲ ကွယ်လွန်ရှာလေ သည်။

လူဘဝလူဖြစ်စဉ်က နိစ္စဓူဝ အကုသိုလ် အလုပ်ဖြင့် အသက်မွေးသူတစ်ယောက်သည် ဘုရား မှန်း တရားမှန်း မသိရုံမျှမက သူရာမေရိယကံကို နေ့စဉ်ကျူးလွန်ခဲ့သူ အနေဖြင့် သေသည်၏ အခြား မဲ့ဘဝ၌ လားရာဂတိသည် အပါယ်ငရဲဘုံမှအပ အခြား မရှိနိုင်ပေ။

ကိုတင်ဆောင်သည် ကျောကုန်းတစ်ခုလုံး မီးလောင်ဘုတွေ အစင်းကြောင်းကြီးတွေစသည့်ဒဏ် ရာဒဏ်ချက်ဗလပွဖြင့် အလွန်တရာ ပူပြင်းသော ဝေဒနာကို ခံစားနေရရှာသည်ဟုဆို၏။ ဤသည်မှာ ငရဲဘုံ၌ ကိုတင်ဆောင်အား ငရဲသားများကနှိပ်စက် ညှဉ်းပန်းနေ ခြင်းဖြစ်၏။

ဤကဲ့သို့သော ဒုက္ခဆင်းရဲများမှ လွတ် မြောက်စေရန် ကိုတင်ဆောင်က သံဃာတော်များကို သင်္ကန်း စသော လှူဖွယ်ဝတ္ထုများလှူဒါန်းပေး၍ သူ့ကို အမျှအတန်းပေးဝေပါဟုဆို၏။ ကျန်ရစ်သူ ဇနီးဖြစ်သူ ကလည်း တတ်နိုင်သမျှ လှူဒါန်းပေးမည် သာဖြစ်၏။

သို့သော် ...

ကိုတင်ဆောင် ကျူးလွန်ခဲ့သော အကုသိုလ် မကောင်းမှုများသည် ဤမျှနှင့်ပြီးပြေသွားပါ့မလား ဆိုသည်မှာ သံသယဖြစ်ရာပင်။ စာဖတ်သူများ ဆုံးဖြတ် ကြရန်သာ ဖြစ်ပါသည်။

ဒိဗ္ဗာန်(ဂမ္ဘီရ)

Share