(ယခင်အပတ်မှအဆက်)

တစ်နေ့မှာတော့ အဲဒီအခြေအနေဟာ တစ်မျိုးတစ်ဖုံ ပြောင်း လဲသွားပါတယ်။ အတန်းပိုင်ဆရာမက စာတမ်းတစ်စောင်ရေးဖို့ဆိုပြီး ကျောင်းသူ နှစ်ယောက်ကို ရွေးချယ်တာဝန်ပေးတဲ့အထဲမှာ တစ် ယောက်က ကျွန်မ ဖြစ်နေပါတယ်။

တခြားတစ်ယောက်က ကျောင်းမှာ ချောတယ်လို့နာမည် ရတဲ့အထဲက တစ်ယောက်ပါ။ ကျွန်မတို့နှစ်ယောက်က စာသင်ချိန်မှာ စာကြည့်တိုက်ကို နှစ်ယောက်အတူသွားပြီး သက်ဆိုင်ရာ စာအုပ်တွေကို ဖတ်၊ အချက် အလက်တွေ ကိုးကားပြီး ဆရာမ ရေးခိုင်းတဲ့စာတမ်းကို ရေးကြရပါ တယ်။ အလုပ်အတူတူ လုပ်ကြရတာဆိုတော့ အဲဒီမရွေချောက ကျွန်မ ကို ဂရုစိုက်လာပါတယ်။

ကျွန်မရဲ့ ဆံပင်တွေကို ဖြီးလိမ်းပြုပြင်ပေးပါတယ်။ မျက်နှာ ကို ဘယ်လိုဆေးကြောသန့်စင်ရမယ် ဆိုတဲ့နည်းလမ်းတွေ ပေးပါတယ်။ သူ့မှာရှိတဲ့မိတ်ကပ်တွေ မျှဝေပေးတယ်။ ချိုင်းချွေးနံ့ပျောက်ဆေးလည်း ပေးတယ်။ ကျွန်မက ဒီလောက်အရုပ်ဆိုး တာမဟုတ်ပါဘူး၊ ‘ဒွန်နာ’ ကသာ တကယ်အရုပ်ဆိုးတာ၊ ဘယ်လောက်ပြုပြင်ပြုပြင် လှလာမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။ ဒီလိုနဲ့ ကျွန်မဟာ စာတမ်း ရေးနေ တဲ့ရက်ပိုင်းတွေမှာ အဲဒီမရွေချောနဲ့ ရေချိုးလည်းအတူတူ၊ နေ့လယ်စာ၊ ညစာစားလည်း အတူတူဖြစ်နေလိုက်တာ အိပ်ရာဝင်ချိန်ရောက်မှပဲ ကိုယ့်ခုတင်ကိုယ် ပြန်ရောက်ပါတော့တယ်။

အဲဒီအချိန်မှာ ‘ဒွန်နာ’ က ခြင်ထောင်ချပြီး အိပ်နေ ပါပြီ။ စာတမ်း စရေးတဲ့နေ့ကတည်းက အဲဒီလိုဖြစ်ခဲ့တာပါ။ ကျွန်မက ‘‘ဒွန်နာ ... ဒွန်နာ’’လို့ ခေါ်ပြီး နှိုးကြည့်ပါ သေးတယ်။ ‘ဒွန်နာ’က ပြန်မထူးပါဘူး။ ကြည့်ရတာ ကျွန်မ ကို စိတ်ကောက်နေပုံပါ။ ဘယ်တတ်နိုင်ပါ့မလဲ။ ညဘက် ကျွန်မ အိမ်သာသွားချင်ရင်လည်း သူ့ကို နှိုးမနေတော့ဘဲ ကျွန်မရဲ့ မရွေချောဆီကိုပဲ သွားနှိုးပြီး အဖော်ခေါ်သွားပါ တော့တယ်။

မရွေချောကိုလည်း ကျွန်မက သိပ်တော့ စိတ်မချပါဘူး။ စာတမ်းအတူတူ ရေးနေလို့သာ ကျွန်မ ကို အရောတဝင်လုပ်နေပေမယ့် စာတမ်းရေးတာ ပြီး သွားရင် ကျွန်မကို ပစ်ထားခဲ့မှာပဲလို့ တွက်ထား တာပါ။ အဲဒီကျရင်တော့ ကျွန်မက ‘ဒွန်နာ’ကို ပြန်ချော့ ရတော့မှာပေါ့။ ဒါပေမယ့် ကျွန်မထင်သလို မဟုတ် ခဲ့ပါဘူး။ စာတမ်းရေးတာပြီးသွားပေမယ့် မရွေချောက ကျွန်မကို လက်တွဲဖြုတ်မသွားပါဘူး။ ညနေ စာသင် ချိန်ပြီးတာနဲ့ သူမက ကျွန်မကို ပန်းခြံထဲခေါ်သွားပြီး သူမရဲ့အုပ်စုကကျောင်းသူတွေနဲ့ မိတ်ဆက်ပေးပါ တယ်။ သူမရဲ့အုပ်စုကလည်း ကျွန်မကို လက်သင့် ခံပြီး ဖော်ဖော်ရွေရွေ ဆက်ဆံကြတာကို တအံ့တသြ တွေ့လိုက်ရပါတယ်။ ကျွန်မကိုယ်ကျွန်မ လူရာဝင် သွားပြီလို့ ခံစားမိရင်း ပျော်သွားပါတယ်။

မရွေချောတို့အုပ်စုနဲ့ ပန်းခြံထဲမှာ ထိုင်စ ကားပြောနေကြရင်း ကျွန်မဟာ ‘ပေါ်ပလာ’ ပင်ကြီးဆီ လှမ်းကြည့်မိပါတယ်။ ‘ဒွန်နာ’က တစ်ယောက်တည်းထိုင်ပြီး ဟိုး အဝေးကို ငေးမောနေပါတယ်။ နေ့စဉ်ရက်ဆက် သူမရဲ့ အထီးကျန်မှုကို မြင်တွေ့ နေရတော့ ကျွန်မ သနားလာပါတယ်။ ဒါပေမဲ့ ကျွန်မ သူ့ဆီ သွားလို့မဖြစ်ပါဘူး။ သူ့ဆီသွားလိုက်ရင် ကျွန်မအနေနဲ့ မရွေချောတို့ အုပ်စုထဲ ပြန်ဝင်လို့ ရတော့မှာမဟုတ်တော့ဘူးဆိုတာ သိထားလို့ပါ။မရွေချောတို့အုပ်စုကလည်း ‘ဒွန်နာ’ဆိုရင် ခါးခါးသီးသီးပါ။ ဒီလိုနဲ့ ကျွန်မဟာ ‘ဒွန်နာ’နဲ့ ကျွန်မတို့ရဲ့ ပေါ်ပြူလာပင်ကြီးဆိုတဲ့ သီးခြား ကမ္ဘာကြီးကို သစ္စာဖောက်ခဲ့ပါတယ်။ အိပ်ချိန်ရောက်မှပဲ ကိုယ့်အိပ်ရာ ကိုယ် ပြန်အိပ်ပါတယ်။ ‘ဒွန်နာ့’ကိုလည်း သွား ခေါ်မကြည့်တော့ပါဘူး။ သွားခေါ်၊ သွားနှိုးကြည့်လိုက်လို့ သူမက ပြန်ထူးခေါ်ပြောလုပ်လာမှာ ကြောက်လို့ပါ။

‘ဒွန်နာ’ကတော့ ကျွန်မကို ‘သစ္စာဖောက်’ဆိုပြီး နာကျည်း မုန်းတီးနေမှာ သေချာပါတယ်။ ဒါပေမယ့် မတတ်နိုင်ပါဘူး။ ကျွန်မ သူ့အနား ပြန် မသွားချင်တော့ပါဘူး။ ‘ပေါ်ပလာ’ပင်ကြီးအောက်မှာ သွားမထိုင်ချင်တော့ပါဘူး။ 

တစ်ညမှာတော့ ကျွန်မ ကြောက်နေတဲ့အဖြစ်ကို ရင်ဆိုင်တိုး ခဲ့ရပါတယ်။ ကျွန်မလည်း ကိုယ့်အိပ်ရာကိုယ် ပြန်ရောက်ပြီး အိပ်ဖို့ပြင် နေတဲ့အချိန်မှာ တစ်ဖက်ခုတင်ရဲ့ ခြင်ထောင်ထဲကနေ ‘ဒွန်နာ’က ထွက်လာပါတယ်။ ပြီးတော့ ကျွန်မ ဖြေရမှာအ ကြောက်ဆုံးမေးခွန်းကို မေးပါတယ်။

‘‘နင် ငါ့ကို ဖြတ်လိုက်ပြီလား’’တဲ့။

ကျွန်မ ‘ဒွန်နာ’ရဲ့ မျက်လုံးတွေကို မကြည့်ရဲလို့ မျက်လွာချ ထားလိုက်ပါတယ်။ ပြီးတော့ ထစ်ထစ်ငေါ့ငေါ့နဲ့ ပြန်ဖြေလိုက်ပါတယ်။

‘‘တောင်းပန်ပါတယ်ဟာ၊ ငါမတတ်သာလို့ပါ’’

‘ဒွန်နာ’က ဘာမှဆက်မပြောတော့ဘဲ ခြင်ထောင်ထဲ ပြန်ဝင် သွားပါတယ်။ ကျွန်မလည်း ခြင်ထောင်ထဲ ဝင်လိုက်ပါတော့တယ်။ ‘ဒွန်နာ’ကတော့ ခြင်ထောင်ထဲမှာ ငိုနေပြီထင်ပါတယ်။ ရှိုက်သံသဲ့သဲ့ ကို ကျွန်မ ကြားနေရသလိုပဲ။ စိတ်ထင်တာလားတော့ မသိပါဘူး။

နောက်တစ်နေ့ အိပ်ရာထလို့ ခြင်ထောင်တင်၊ စောင်ခေါက် လုပ်တဲ့အချိန်မှာ ‘ဒွန်နာ’က တုတ်တုတ်မှမလှုပ်ပါဘူး။ ကျွန်မ မျက်နှာ သွားသစ်ပြီး ပြန်လာ အဝတ်အစားလဲတဲ့အထိ သူမရဲ့ခြင်ထောင်က ချ လျက်သားပါပဲ။ ဆရာမတွေနဲ့တော့ တွေ့တော့မှာ ပဲလို့ ကျွန်မတွေး မိပါတယ်။ ဘယ်တတ်နိုင်ပါ့မလဲ။ ကျွန်မ မနက်စာစားဖို့ ထွက်ခဲ့ပါတယ်။ စားသောက်ပြီးလို့ စာသင်ခန်းဆီ သွားနေတုန်းမှာ သတင်းစကား တစ်ခု ကြားလိုက်ရပါတယ်။ ‘ဒွန်နာ’ တစ်ယောက် ‘ပေါ်ပလာ’ပင်ကြီးမှာ ကြိုးဆွဲချပြီး သေနေသတဲ့။

တခြားကျောင်းသူတွေ အပြေးအလွား သွားကြည့်ကြတော့ ကျွန်မလည်း သွားကြည့်မိပါတယ်။လည်ပင်းမှာ ကြိုးတန်းလန်းနဲ့ တွဲလောင်းကျနေတဲ့ ‘ဒွန်နာ့’ရဲ့ အလောင်းကို ချောက်ချားစရာ မြင်လိုက် ရပါတယ်။ မျက်လုံးအပြူးသားနဲ့ လျှာထွက်ပြီး သေနေတဲ့ ‘ဒွန်နာ’ ရဲ့မျက်နှာဟာ အရုပ်ဆိုးပါတယ်ဆိုမှ ပိုပြီး အရုပ်ဆိုးနေပါတော့တယ်။

ဒီသတင်းဟာ ပျံ့နှံ့သွားလေတော့ မိဘတိုင်းလိုလို ကိုယ့်သမီး တွေကို လာခေါ်ကြပါတယ်။ ကျွန်မလည်း မိဘတွေလာခေါ်လို့ ပြန်လိုက် သွားခဲ့ရပါတယ်။ ကျောင်းလည်း ပိတ်လိုက်ရပါတယ်။ ယာယီ ပိတ်တာ မဟုတ်ပါဘူး။ လုံးဝပိတ်သိမ်းလိုက်ရတာပါ။ ကျောင်းသူတစ်ယောက် ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့ကျောင်းကို ဘယ်ကျောင်းသူကမှ မတက်ရဲတော့လို့ပါ။

ကျွန်မကတော့ အိမ်ပြန်ရောက်တဲ့အထိ စိတ်ထဲမှာ တစ်မျိုး ကြီး ဖြစ်နေခဲ့ပါတယ်။ ဒီကိစ္စရဲ့ တရားခံဟာကျွန်မပဲလို့ စွဲမှတ်နေခဲ့လို့ပါ။

ပိုဆိုးတာက ညဘက်မအိပ်လိုက်နဲ့ အိပ်လိုက် ရင် ‘ဒွန်နာ’ရဲ့ ကြိုးတန်းလန်းနဲ့မြင်ကွင်းကို ပြန်ပြန် အိပ်မက်မက်နေတာပါ။ တစ်ခါတလေကျတော့ ‘ဒွန် နာ’က အိပ်မက်ထဲမှာ ကျွန်မကို လာခေါ်ပါတယ်။ 

နေ့ခင်းဘက်မှာလည်း ဘယ်သွားသွား သစ်ပင်မြင်တာနဲ့ အဲဒီသစ်ပင်မှာ ‘ဒွန်နာ’က ရှိနေတာပါ။ တွဲလောင်းကြီးပဲပေါ့။ ဒီလိုနဲ့ ကျွန်မဟာ အပြင်လည်း မထွက်ရဲ၊ အိမ်ထဲ မှာလည်း မနေရဲနဲ့ အရူးတစ်ပိုင်းလို ဖြစ်နေခဲ့ ပါတယ်။ အအိပ်ပျက်၊ အစားပျက်ဖြစ် လာ တော့ကျန်းမာရေးလည်းချို့ယွင်းလာပါတယ်။

မိဘတွေက ကျွန်မကို ဆေးခန်း ခေါ်သွားပေမယ့် ထူးခြားမလာပါဘူး။ ပိုဆိုး တာက ညဘက်မှာ ကျွန်မ အိပ်ရာကနေ ယောင်ယောင်ပြီး ထသွားတာပါပဲ။ ဒါကို မိဘ တွေက သိသွားတော့ ကျွန်မ အိပ်ပြီဆိုရင် အလှည့်ကျ ကင်းစောင့်နေကြတယ်။ တစ်ည ဆိုရင် ကျွန်မက ခါးပတ်ကို ကွင်းလုပ်၊ လည် ပင်းမှာ စွပ်ပြီး အိပ်ရာက ထလာလို့ အဖေက အတင်း ကျွန်မကို လှုပ်နှိုးခဲ့ရတယ်။ နောက် ဆုံး မိဘတွေက ကျွန်မကို စိတ်ကျန်းမာရေး ဆေးရုံပို့လိုက်ရပါတယ်။ စိတ်ရောဂါအထူးကု ဆရာဝန်ကြီးတွေကတော့ မမြင်ဖူးတဲ့မြင်ကွင်း ကို မြင်လိုက်ရလို့ ချောက်ချားသွေး ပျက်သွား တဲ့စိတ်ရောဂါပါလို့သုံးသပ်ကြပါတယ်။ ကျွန်မ ကို ကိုယ့်ကိုယ်ကို သတ်သေလို့မရနိုင်တဲ့ အခန်းတစ်ခန်းထဲ ပိတ်လှောင်ထားပြီး စိတ်ငြိမ်ဆေးတွေ တိုက်ကျွေး ကုသပါတယ်။ သူတို့မသိတာက ကျွန်မ သွေးပျက်သွားတယ်ဆိုတာ သာမန်မဟုတ်ဘဲ နက်နဲတဲ့ နောက်ခံရှိတယ်ဆိုတာပါပဲ။ ခြောက်လ လောက် ကုသပြီးနောက် စိတ်ချရပြီဆိုပြီး အိမ်ပြန်ခိုင်းပါတယ်။ ဒါပေမဲ့ ကျောင်းတော့ ဆက်မတက် နိုင်တော့ပါဘူး။

ကျွန်မသိပါတယ်။ ဒီစာ ရေးနေတဲ့အချိန်အထိ ကျွန်မအနား မှာ ဒါမှမဟုတ် မနီးမဝေးမှာ ‘ဒွန်နာ’ တစ်ယောက် ရှိနေတယ်ဆိုတာ။ သူ တကယ်မခေါ်ချင်သေးလို့သာ ကျွန်မ အသက်ရှင်နေသေးတာပါ။ ဒါမှမဟုတ် ဒီလို အထီးကျန်ဘဝမျိုး၊ ပျော်ရွင်မှုကင်းမဲ့ နေတဲ့ဘဝမျိုးနဲ့ အသက်ဆက်ရှင်နေတာကို ကြည့်နေချင်လို့သာ ကျွန်မ အသက်ရှင်နေ သေးတယ်ဆိုတာ။ 

Source : Internet 

ခွန်လှိုင်း

Share