အချိန်ကာလကြာမြင့်လှသော်လည်း ယနေ့ တိုင် မမေ့နိုင်ခဲ့ပေ။ ကျွန်တော် အသက် ၂ဝ မှာ ဖြစ်ခဲ့တဲ့ အဖြစ်ပါ။

စလင်းမြို့၏ မြောက်လက်အထွက်ရှိ ကုသိ နာရုံဘုရားပွဲ ညတစ်ည။

ကဆုန်လပြည့်နေ့၏ ညသန်းခေါင်လရောင် ကလင်း၊ မြူတိမ်ကင်း၊ အခင်းသာစွ ထိုနေ့ည ကျွန် တော်နှင့် မစုတို့ ဘုရားပွဲမှအပြန် လမ်းမှန်ကိုမသွား ဘဲ လယ်ကွင်းလမ်းအတိုင်း ပြန်လာခဲ့သည်။ မုန်း မြေ ဝင်းဘောင်ပေါ်တွင် လက်ချင်းတွဲ၍ ရှေ့ဆက် ခရီးနှင်ခဲ့သည်။

များမကြာပါ။ ဟိုမှာလှမ်းမျှော်၊ လမ်းပေါ်မှာ အုပ်ဆိုင်း အမှောင်တံတိုင်းတွေ့မှ သတိပြုမိသည်။ သီးကုန်းရွာ အရှေ့ဘက်က ညောင်ပင်နှစ်ပင် နေ့ အချိန်မှာ ညောင်ပင်အောက်ကွပ်ပျစ်တွင် နားနေ သူများ ရှိတတ်သည်။ ယောင်မှားလို့ညောင်ပင်ကို ခြေပေး၍ လဲလျောင်းမိလျှင် ခြေနှစ်ချောင်းဆွဲပြီး လှည့်တတ်သည်ဟု ပြောဆိုသံကြားဖူးသည်။

ယခုအချိန် ဒီညောင်ပင် နှစ်ပင်အောက်က ဖြတ်သွားရမှာမို့ သတိကြီးစွာ ထားရမည်ကိုသိ၍ ခါးမှ သားရေအိတ်ဖြင့်ထည့်ထားသော ခြောက် လက်မ ဓားကို ညာလက်ဖြင့် စမ်းလိုက်မိသည်။ ဘယ်လက်က ဓာတ်ခဲသုံးလုံးထိုး ဓာတ်မီးအသစ်ကို ကိုင်၍ ညောင်ပင်အောက်မှ ဖြတ်ရန်ဆုံးဖြတ်လိုက် သည်။ ရှောင်ကွင်းသွားရန် အခြားလမ်းလည်း မရှိ တော့ပေ။ မစုက ကျွန်တော်၏ ဘယ်လက်မောင်းကို ကိုင်၍ ညောင်ပင်၏ အရိပ်မည်းမည်းကို စတင် ဖြတ်လှမ်းခဲ့သည်။ ပထမ ဖြတ်လျှောက်ခဲ့သည့် တောင်ဘက်ညောင်ပင်တွင် ဘာမှမဖြစ်သေးပါ။ ဒုတိယညောင်ပင်အရိပ်ဝင်လျှင် ‘‘ဘာမှကြောက်စရာ မရှိပါဘူးကွာ’’ဟု ကျွန်တော်က အားပေးစကားပြော လိုက်သော်လည်း မစုက စကားတစ်လုံးမှပြန်မပြော နိုင်ပါ။ ကျွန်တော်၏ ဘယ်ဘက်လက်မောင်းကိုသာ တင်းတင်းဆုပ်ထားသည်။

တောင်ဘက်ညောင်ပင်လွန်လျှင် ဓာတ်ခဲ အသစ် ဓာတ်မီးအသစ်သည် လင်းနေရာမှ ရုတ် တရက် မှောင်သွားသည်။ ကျွန်တော်လည်း ညာ လက်ဖြင့် ဓားမြှောင်ကို ဆွဲထုတ်လိုက်သည်။ 

ထိုအချိန်မှာ ညောင်ပင်ရိပ်က မလွတ်သေး ပါ။ ဆက်၍တော့ လျှောက်နေသော်လည်း၊ ကျွန် တော်ကိုယ်တိုင် မကြောက်ဘူးဆိုသော်လည်း ဆံပင် များ ထောင်၍ ခေါင်းနားပန်းကြီးပြီး ကြက်သီးမွေး ညှင်းများ ဖြစ်လာသည်။

သို့သော် အမျိုးသမီးတစ်ယောက်နှင့်ဆိုတော့  အားတင်းထားရသည်။ တစ်ယောက်တည်းသာဆို လျှင် ပြေးမိမည် ထင်သည်။

အချိန်တိုအတွင်းမှာ ညောင်ကိုင်းများညွတ် ကျလာပြီး၊ ညောင်ရွက်ခြောက်ပေါ်သို့ ညောင်သီး များ ကြွေကျပါသည်။ လူပေါ်သို့ ဘာတစ်ခုမျှမကျပါ။ ကျွန်တော်က အားတင်း၍ ‘‘ညောင်သီးတွေကျတာ ပါ’’ဟု အားပေးရသည်။ ပါလာသည့် ဓာတ်မီးက လည်း အားကိုးလို့ မရပါ။

ဒီလိုနှင့် ညောင်ပင်ရိပ်မှကျော်ဖြတ်နိုင်ခဲ့ သည်။ လရောင်အောက်ရောက်တော့ အားရှိ သွားသည်။ နောက်သို့လှည့်၍ ဓာတ်မီးဖြင့်ထိုးကြည့် ရာ ဓာတ်မီးမှာ ဝင်းထိန်လင်းလျက် ညောင်ပင်၏ ပင်စည်ကို ကောင်းစွာမြင်ရသည်။ ‘‘မစု ကြောက် သလား၊ မကြောက်ပါနဲ့၊ ဘာမှမဟုတ်ပါဘူး’’ဟု အားပေးစကား ပြောသော်လည်း မစု စကားတစ်လုံး မှ မပြောပေ။ မစု၏ လက်ကိုကိုင်ဆွဲကြည့်လိုက်တော့ အေးစက်နေသည်။ အကြောက်လွန်၍လား မသိ တဆက်ဆက် တုန်နေသည်။

ကျွန်တော်၏ ခြေသလုံးပေါ်သည်အထိ ပုဆိုး ကို ပြင်ဝတ်လိုက်သည်။ နောက်သို့လှည့်ကြည့်တော့ လည်း ဘာမျှတော့မတွေ့မြင်ရပါ။ သဲနှင့်လိုက်ပက် တာကိုခံရသည်။ သဲများက ကျွန်တော်တို့က နှစ် ယောက်၏ ရှေ့နှစ်တောင်လောက်အထိ သဲများက ရောက်လာသည်။ တစ်နာရီလောက်ကြာအောင် အဆက်မပြတ် လိုက်ပက်နေ၍ခြေသလုံးမှာ သဲလုံး မှန်ပါများပြီး စပ်လာသည်။ နှစ်မိုင်ကျော်လောက် ဆက်လျှောက်ပြီး သဲနဲ့ပက်တာ ရပ်သွားသည်။ သူ့ပိုင်နက် ကုန်သွားပြီထင်ပါတယ်။ ရှေ့သရက်ပင် အုပ်တွင် မီးရောင်ကို လှမ်းမြင်ရတော့ လယ်ထဲသို့ ရေသွင်းသွားသူများဟု ထင်၍ အားရှိမိသည်။ အမှန် တော့ မုန်းမြောင်းတွင် လုံးဝ ရေမရှိပါ။ မြင်ရသည့် မီးမှာ သရက်ပင်ထိပ်မှ အောက်ခြေအထိ၊ မြင့်တစ်ခါ နိမ့်တစ်ခါ လုပ်ပြနေသည့် သရဲမီး။ ဒီလိုနဲ့ ဆင်ဖြူ ကျွန်းတောင်ဘက် ရေတံခါးမှလွဲပြီး ဗိုလ်တဲမြောက် ဘက်မှ အိမ်သို့ပြန်ခဲ့ရပါသည်။

ကျော်မင်း(ဆင်ဖြူကျွန်း)

မနောမယဝိုင်းတော် သား ဆရာဒိဗ္ဗာန်(ဂမ္ဘီရ)၏ ပြန်လည်သုံးသပ် တင်ပြချက် . . 

ဆရာကျော်မြင့်(ဆင်ဖြူကျွန်း)၏ ညောင်ပင် နှစ်ပင်နှင့် ကျွန်တော် စာမူမှာ ဆန်းကြယ်သည်ဟုဆို လိုပါက ဆိုနိုင်ပါသည်။ တချို့အရပ်ဒေသများတွင် အထင်ကရ နေရာများရှိသည်။ ဒေသခံများကလည်း အစွဲအလမ်းကြီး ကြသည်။ သရဲခြောက်သည်ဟု နာမည်ကြီးသော အရပ်ဒေသကြီးသည် အမှားအယွင်း မခံဟူသော အရပ်စသည်တို့ ဖြစ်သည်။

သူ့ အရပ်သူ့ဒေသမှာ သူ့ပိုင်ရာဆိုင်ရာများ တွင် မဖွယ်မရာလုပ်ခြင်း၊ သွေးသားမတော်စပ်သော ဆန့်ကျင်ဘက်လိင်များ အတူတကွ တွဲသွားတွဲလာ လုပ်ခြင်းများကို မကြိုက်သည့်အရပ်ဒေသများလည်း ရှိသည်။ 

စင်စစ်မှာမူ မမြင်ရသော နာနာဘာဝအစိမ်း သရဲဝိညာဉ်များက ဘုရား တရား သံဃာ တည်းဟူ သော ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ခြင်း အားနည်းသူ များအား ခြောက်လှန့်ခြင်းသာဖြစ်သည်။ ရတနာသုံးပါးကို အစဉ်နှလုံးသွင်းထားသူများမှာ ကိုယ်ခံအားကောင်းသော ဆေးဝါးမှီဝဲထားသူပမာ အမှောင့်ပယောဂ ရောဂါများ ပူးကပ်နှောင့်ယှက်ခြင်း ခံရမည် မဟုတ်ပေ။

ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များ အနေဖြင့် ဘုရား တရား သံဃာတည်းဟူသော ရတနာသုံးပါးကို မမေ့ မလျော့ဘဲ အစဉ်နှလုံးသွင်းထားသင့်ပေသည်။ ဤ သည်မှာ မိမိကိုယ်အား သိဒ္ဓိတင်ထားခြင်းပင်ဖြစ်၏။ သို့ဆိုလျှင် မည်သည့် ပရလောကသား နာနာဘာဝ အစိမ်းသရဲမှ ကြောက်လှန့်အောင် နှောင့်ယှက် ရဲမည် မဟုတ်ပါကြောင်း။

ဒိဗ္ဗာန်(ဂမ္ဘီရ)

Share