ဖြစ်စဉ်ကျွန်တော်၏ ဇာတိမှာ ပဲခူးတိုင်း ဒေသကြီး၊ ရွေကျင်မြို့နယ်၊ ဆိပ်ကလေးကျေးရွာ ဖြစ်ပါသည်။

အရွယ်လွန်ကျောင်းမှ ပညာသင်ကြား ခွင့်ရရှိသည့် အသက်(၁၄)နှစ်အရွယ်ရောက်မှ စတုထ္တ တန်းအောင်မြင်ခဲ့ပြီး ဇာတိနှင့် သုံးမိုင်ခန့်ကွာဝေး သော ရွေကျင်မြို့၊ အထက်တန်းကျောင်းမှ ပဥ္စမတန်း အလယ်တန်း ပညာကို ဆက်လက်သင်ကြားခဲ့ပါ သည်။ ယင်းကဲ့သို့ ကျောင်းတက်ခွင့်ရသော်လည်း ကျောင်းသွားကျောင်းပြန် သုံးမိုင်ခရီးကို တောလမ်းမှ နေ့စဉ်သွားနေရသောကြောင့် စာဖတ်ချိန်မလုံ လောက်ခြင်း၊ မိုးတွင်းအခါ ရွေကျင်ချောင်းကို ကူးတို့ဖြင့် ကူးရခြင်း အခက်အခဲများကြောင့် ရွေကျင် မြို့ပေါ်ရှိ ကျွန်တော်အဖေအစ်မ ဝမ်းကွဲတော်စပ်သူ အဒေါ်အိမ်မှာနေပြီး ကျောင်းတက်ပါသည်။

၁၉၅၅ခုနှစ် ပဥ္စမတန်းပညာသင်ယူချိန် မှာ ကျွန်တော် အသက်(၁၅)နှစ်ကျော် လူပျိုပေါက် အရွယ်ရောက်နေပါပြီ။ ထိုနှစ်၏ နိုဝင်ဘာတစ်ခုသော ညနေ ၅း၃ဝ နာရီခန့်မှာ ကျွန်တော့်အဒေါ်၏သမက် ဆိုက်ကားနင်းသူ ကိုအုန်းသောင်းက ဆိုက်ကား ပစ္စည်း သွားဝယ်မည် လိုက်ခဲ့ရန်ခေါ်သဖြင့် ၎င်း၏ ဆိုက်ကားဖြင့် ညစျေးသို့လိုက်ခဲ့ပါသည်။ ယင်းကာလ ၁၉၅၅ ခုနှစ်တွင် ရွေကျင်မြို့မှာ လျှပ်စစ်မီးမရသေး။ လူနေအိမ်များသည် ဖယောင်းတိုင် ရေနံဆီမီးများ သာ သုံးစွဲကြရပါသည်။ ညနေစျေး ဆိုင်စတိုးဆိုင်များ ကတော့ အောက်လင်းဓာတ်မီးများ ထွန်းညှိပြီး စျေး ရောင်း/ဝယ် ကြပါသည်။

ဆိုက်ကားသည် စတိုးဆိုင်ရှေ့ရောက်သော် ဆိုက်ကားဆရာ စတိုးဆိုင်ထဲစျေးဝယ်နေချိန် အချိန် ပိုသောကြောင့် ကျွန်တော်က ဆိုက်ကားကိုတက်နင်း ပြီး စတိုးဆိုင်များမှထွက်သော မီးအလင်းရောင်ဖြင့် ကိုက် ၁ဝဝ ပတ်လည်လောက်မှာလှည့် ပတ်ပြီး ဦးတည်ချက်မရှိ ဆိုက်ကား နင်းနေချိန်မှာ ကျွန်တော် အနီးဆုံးနေရာ ဘေးမှာ မိန်းမပျိုလေးနှစ်ယောက် ရောက်လာပြီး ဆိုက်ကားနှင့် ပို့ပေးရန်ပြောပါတယ်။  

ထိုမိန်းမပျိုလေးများမှာ ကျွန်တော်နှင့် သက် တူရွယ်တူပါပဲ။ ရုတ်တရက်စကားပြောသံကြားမှ လှည့်ကြည့်မိတော့ အကျီအဖြူလက်ရှည်၊ ထမီအ နက်ရောင်ဟု ထင်ပါသည်။ ဘေးလွယ်အိတ်ကိုယ်စီ နှင့် ဆံပင်နောက်ဖားလားချထားပြီး ကိုယ်ဟန်နေ ထားအချိုးအစားပြေပြစ်၍ စွဲမက်စရာ အခြေအနေ မှာဖြစ်ပါတယ်။ သို့သော်လည်း သူတို့ရဲ့မျက်နှာကို လူပျိုပေါက်တစ်ယောက်အနေနဲ့ အပျိုလေးများဆို တော့ လျှပ်တစ်ပြတ် ခိုးကြည့်ရတာကြောင့် ကျွန် တော် ခဏတော့ မိန်းမောသွားပြီးနောက်မှ ဘယ်ပို့ ပေးရမလဲမေးတော့ (ဂါတ်တဲ)ရဲစခန်းရှေ့ကို ပို့ခိုင်းပါ တယ်။

လက်ဝတ်ရတနာတွေကလည်း အပြည့်နဲ့ ဆိုတော့ ကျွန်တော်က စိုးရိမ်တယ်လေ။ နောက်ပြီး ဆိုက်ကားကိုလည်း ကျွမ်းကျင်အောင်မနင်းတတ်တာ ရယ် ကိုယ်ပိုင်ဆိုက်ကားလည်း မဟုတ်လေက တစ် ကြောင်း ပို့ရမယ့်နေရာကလည်း သိပ်မမှောင်ပေမယ့် ညမှောင်နေတဲ့အခါ ကျွန်တော်လိုက်ပို့ရန် မဖြစ်နိုင် သောကြောင့် ငြင်းလိုက်ပါတယ်။ သူတို့ကလည်း မရမက အတင်းခေါ်နေတာပါ။ ဆိုက်ကားခပိုပေး မယ်ပေါ့။ ဘာပဲပြောပြော၊ ကျွန်တော်သိပ်ပို့ချင်နေပါ သည်။ သို့သော်လည်း အထက်က ဖော်ပြသည့် အတိုင်း မကျွမ်းကျင်တာကြောင့် ကျွန်တော်လည်း ဇွတ်ငြင်းဆိုနေစဉ် ဆိုက်ကားကပိုင်ရှင်က ကျွန်တော် နောက် ကျောပုတ်ပြီး မင်းဒီမှာ ဘာလုပ်နေတာလဲ အမေးနဲ့ ရှေးမနှောင်းမှာ မိန်းကလေး နှစ်ယောက်က ကျွန်တော့်နားမှ ဖျက်ခနဲ ပျောက်သွားတာတွေ့ရ တော့ ဆိုက်ကားဆရာကို ‘‘ခင်ဗျားလာတာနဲ့ အတော်ပဲ။ အခုထွက်သွားတဲ့ မိန်းကလေး နှစ်ယောက်ကို လိုက် ပို့ပေးလိုက်ပါ’’ 

ဆိုက်ကားဆရာက ‘‘ငါဘယ်သူကိုမှ မတွေ့ဘူး။ စျေးဝယ်နေတာကြာပြီ။ ဒါကြောင့် ငါ အခုလိုက်လာတာ။ လာသွားမယ်ဆိုပြီး ဆိုက်ကား ဖြင့် အိမ်ပြန်ရောက်ချိန်မှာ ၈း၃ဝ နာရီခန့်ရှိပါပြီ။

အိမ်ရောက်တော့ အဒေါ်က ကြာရမလား ဆိုပြီး အပြစ်တင် ဆူပါတယ်။ ဒီအခါမှာ ကိုအုန်း သောင်းက ကျွန်တော်တစ်လမ်းလုံး ပြောပြတာတွေကို  တစ်လုံးမကျန် အဒေါ်ကို ပြောတဲ့အခါ အဒေါ်က ပျာယာခတ်ပြီး အနီးအနားမှာရှိတဲ့ ဆွေမျိုးသားချင်း တွေခေါ်၊ အရပ်ထဲမှာရှိတဲ့ ပယောဂဆရာကြီးကိုပါ ပင့်ပြီး ကျွန်တော့်ကို စစ်ဆေးလိုက်တာ စုံလို့ပါပဲ။ ကျွန်တော့် အဖြေကတော့ ၎င်းမိန်းကလေးကို ပို့ချင် ကြောင်း၊ သို့သော် ဆိုက်ကား မနင်းတတ်လို့ လိုက် မပို့လိုက်ကြောင်း ပြောရပါတယ်။ ဆေးဆရာကြီး ကလည်း ကြိမ်လုံးကိုရွယ်ပြီး အမျိုးမျိုး စစ်ဆေးမေး မြန်းပြီးမှ နောက်ဆုံး ရေမန်းတိုက်ပြီး ပြန်သွားတော့ တယ်။ အနားမှ လာကြသော ပရိသတ်များ ရှင်းသွား တော့မှ ကျွန်တော်လည်း အိပ်ရာဝင်တော့ အိပ်မပျော် ဘူး။ မိန်းကလေးနှစ်ယောက်ရဲ့ ပုံရိပ်ကိုမြင်ပြီး အိပ် မရဖြစ်ကာ လိုက်မပို့လိုက်ရတာ မှားလေခြင်းဟု သတိရနေပါတော့သည်။ ဤဖြစ်ရပ်သည် ကျွန် တော့်ဘဝမှာ တစ်ကြိမ်ကြုံဆုံခဲ့ရသည်မှာ ယနေ့နှစ်  ၆ဝ ကျော်အထိ မေ့မရနိုင်ခဲ့ပါ။

အောင်တင်မြင့်

မကျည်းတန်းရပ်ကွက်၊ရွေကျင်မြို့၊

ပဲခူတိုင်းဒေသကြီး

မနောမယဝိုင်းတော် သား ဆရာဒိဗ္ဗာန်(ဂမ္ဘီရ)၏ ပြန်လည်သုံးသပ် တင်ပြချက် . . 

အောင်တင်မြင့်(ရွေကျင်)၏စာမူပါအကြောင်း အရာများမှာ သမာရိုးကျသရဲခြောက်ခံ ရသည်စာမူအမျိုး အစားမဟုတ်ပါ။ စင်စစ် ဥစ္စာစောင့်ဖြစ်နိုင်ပေသည်။ စာမူ ထဲတွင် ပါဝင်သည့်ဆိုက်ကားနင်းသူကလေးငယ်နှင့် ဆိုက်ကား ငှားသူရွယ်တူအမျိုးသမီးနှစ်ယောက်မှာ တစ်နည်းနည်းနှင့်ဆက်နွယ်ပတ်သတ်သူများ ဖြစ်နိုင်သည် ဟု ယူဆစရာရှိနိုင်ပေသည်။

ကံကေယင်းသည်မှာ ဆိုက်ကားနင်း သူကလေး ငယ်မှာ ဆိုက်ကားငှားသူများပို့စေချင်သည့် ခရီးကို ပို့ပေးရန်ဆိုက်ကားကို ကျွမ်းကျင်စွာမနင်း တတ်မစီး တတ်ခြင်းပင်ဖြစ်လေသည်။ ကျွမ်းကျင်သူ ဖြစ်၍ လိုက်ပို့ ပေးမိလျှင် မည်သို့သော အကျိုးဆက်များနှင့် ကြုံရမည်ကို မတွေးရဲ၊ မတွေးဝံ့ စရာဖြစ်ပေသည်။ဥစ္စာစောင့်များသည် ဘဝဟောင်းကရှေးရေစက်ကြောင့်သံယောဇဉ်ဖွဲ့နှောင် သူများရှိသကဲ့သို့ မျက်မှောက်ဘဝမှကံဆိုးသူ မောင်ရှင်များ ကို ဆွဲဆောင်ဖျားယောင်း၍လူစားလဲသည် များလည်း ရှိပေသည်။

ဆိုရလျှင် ဆိုက်ကားနင်းသူကလေး၏ ကံကြမ္မာ ကြောင့်ပင်၊ ကြောက်မက်ဖွယ်ထောင်ချောက်မှ လွတ် မြောက်ရသည်ဟု ဆိုသော်ရနိုင်ပေသည်။ ကံနိမ့် ချိန်၌သာဆိုလျှင် နာနာဘာဝဥစ္စာစောင့်များ၏မာယာ ညွတ်ကွင်းတွင်မိ၍မလိုလားအပ်သောအဖြစ်အပျက် များဖြစ်ရတတ်သည်ကိုရုပ်ရှင်၊ဗွီဒီယိုနှင့်ရုပ်ပြ၊ဝတ္ထု များထဲတွင်တွေ့ဖူးမြင်ဖူးကြလိမ့်မည်ထင်၏။

မည်သို့ပင်ဆိုစေ၊ ဥစ္စာကံစောင်၏ အသက် ဉာဏ်စောင့်၏ဆိုသကဲ့သို့မည်သည့်အရွယ်ဖြစ်စေ၊ သတိ လက်လွတ်မရှိအပ်ကြောင်း တင်ပြလိုက်ရပေ သည်။

ဒိဗ္ဗာန်(ဂမ္ဘီရ)

Share