ပဲခူးတိုင်း၊ တောင်ငူမြို့နယ် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းက ရွာလေးဟာ ကျွန်မတို့ ဇာတိ ချက် ကြွေမွေးရပ်မြေပေါ့။ ကျွန်မဟာ ဗုဒ္ဓဘာသာ ဝင်တစ်ယောက်ပေမို့ ဘယ်သူတရားပြပြ သရဲ၊ တစေ္ဆကို အရမ်းကြောက်တတ်ပါတယ်။

တရားလွန် ကို ကြောက်တာပါ။

ကျွန်မက တစ်နယ်သားနဲ့ အိမ်ထောင်ကျပြီး အဲ့ဒီနှစ်တွေမှ ရွာမှာပြန်လာပြီး အရက်၊ မုန့်မျိုးစုံဆိုင် လေး ဖွင့်ရောင်းပါတယ်။ ၁၉၉၆ ခုနှစ် တပေါင်းလ ပွင့်လင်းရာသီမှာပေါ့။ ကျွန်မတို့နယ်တစ်ဝိုက်ရဲ့ ထုံးစံ က ဇာတ်ပွဲတစ်ပွဲဟာ ရွာစဉ်လှည့်ပြီး ကပြပါတယ်။ ဒီဇာတ်၊ ဒီမင်းသား၊ မင်းသမီး ဒီပြဇာတ်ကိုပဲ တစ်ရွာ ပြီးတစ်ရွာ ပွဲလိုက်ကြည့်ကြပါတယ်။ လှည်းရှိသူက လှည်းနဲ့၊ စက်ဘီး၊ ခြေကျင်စသည်ဖြင့်ပေါ့။ ပထမဆုံး တပေါင်းလပြည့်နေ့က ‘ကမ်းနီ မြသီတင်’ ဘုရားပွဲ တော်က စကတဲ့ ဇာတ်ပွဲဟာ ကျွန်မတို့ ရွာရဲ့ အနောက်ကမ်း၊ ‘ဒိုးအင်း’ရွာမှာ ကမယ့်နေ့မှာပေါ့။

မနက်ခင်း ကျွန်မတို့ဆိုင်ကို ရွာကနေ အရှေ့ရွာမှာ အိမ်ထောင်ကျပြီး သွားနေနေတဲ့ ‘ရန်မောင်’ဆိုသူ ရောက်လာပါတယ်။ သူက ကျွန်မယောက်ျားကို သိပ် ခင်တယ်။ သူပါလာတဲ့ ပိန္နဲသီး၊ ဆိတ်ဖူးလေးတွေပေး ပြီး နင့်ယောက်ျားနဲ့ ညပွဲအတူသွားကြည့်မလို့တဲ့။ ကျွန်မက ငါ့ယောက်ျား သူ့မြို့ပြန်သွားတယ်ဆိုတော့ အရက်တစ်လုံး ဝယ်သောက်ပါတယ်။ ကျွန်မက ပိုက်ဆံ မယူဘူးလို့၊ နင်လည်း လက်ဆောင်တွေ ယူလာပေးတာဆိုပြီး လက်ဖက်သုပ် တစ်ပွဲသုပ်ပေး လိုက်ပါတယ်။ သူလည်း သောက်စားပြီး ပြန်သွား ခဲ့ပါတယ်။

ညနေလေးနာရီလောက်မှာ ကျွန်မမောင် လေးနဲ့ တူလေးက စျေးကူရောင်းပေးရာက ပွဲသွား ကြည့်ချင်ကြောင်း ခွင့်တောင်းလို့ ခွင့်ပြုပေးပြီး စော စောပြန်လာခဲ့ဖို့ မှာလိုက်ပါတယ်။ သူတို့ကလည်း ပြဇာတ်ပြီးတာနဲ့ တန်းပြန်ခဲ့ကြပါမယ်တဲ့။ ကျွန်မနဲ့ ကျွန်မရဲ့ သမီးလေးဟာ ဆိုင်စောင့်၊ ပွဲသွားပွဲလာ များကို စျေးရောင်းရင်း ကျန်ခဲ့ပါတယ်။ ည ၁၁ နာရီလောက်မှာ ဆိုင်ကိုသိမ်းရင်း ဂက်စ်မီးကိုပိတ်၊ ဆိုင်ထဲမှာပဲ အိပ်လိုက်ပါတယ်။ မှေးခနဲ အိပ်ပျော်သွား ချိန်မှာ ကျွန်မရဲ့နာမည်ခေါ်သံကို ကြားတာမို့ ကျွန်မ က ဘယ်သူတုန်းဆိုပြီး ဂက်စ်မီးကို ဖွင့်လိုက်တဲ့အခါ မှာ ဆိုင်အပြင်ဘက် မီးရောင်အောက်မှာ မနက်က ဝတ်ထားတဲ့ အဝတ်အစားနဲ့ ‘ရန်မောင်’ကို တွေ့လိုက် ရပါတယ်။ ကျွန်မရဲ့ ဆိုင်က ရာဇမတ်ကွက်တွေလို ယက်ပြီး ကာထားတာပါ။ သူက ကျွန်မကို OP တစ်လုံး ပေးပါဆိုပြီး ပိုက်ဆံ ၂ဝ တန်လေး ငါးရွက် လှမ်းပေးပါတယ်။ ထရံပေါက်ကြားထဲကပါ။ OP ဆို တာ အဆီကိုရေရောပြီး ရောင်းတာပါ။ တစ်ပုလင်းကို ၁ဝဝ ပါ။ ကျွန်မလည်း အရက်တစ်လုံးနဲ့ ပဲလှော် တစ်ထုပ် ဖြုတ်ပေးလိုက်ပါတယ်။ ပြီးတော့ မီးပြန် ပိတ်လိုက်ပြီး အိပ်လိုက်တာ မိုးလင်းမှ နိုးပါတယ်။ ဆိုင်ဖွင့်ပြီး တံမျက်စည်းလှည်းဖို့ အလုပ်မှာ ထူးခြား သလိုပဲ တစ်ရွာလုံးတိတ်ဆိတ်နေတယ်လို့ ထင်မိပါ တယ်။ ဘာကြောင့်ဆို အရင်ပွဲရက်များမှာဆို ပြဇာတ် ပြီး ပြန်လာသူ၊ အော်ပရာပြီး ပြန်လာသူ ဆိုပြီး တဖွဲဖွဲနဲ့ပေါ့။ ခုတော့ ပြဇာတ်ပြီး ပြန်လာခဲ့မယ်ဆိုတဲ့ မောင်လေးနဲ့ တူလေးလည်း ပြန်ရောက်မလာ။ ဘာ ကြောင့်ပါလဲဆိုပြီး ဆိုင်ရှေ့မှာ တံမြက်စည်း အလှည်း မှာ ဆိုင်ရှေ့ မန်ကျည်းပင်ကြီးအောက်မှာ ညက ‘ရန်မောင်’ကိုပေးလိုက်တဲ့ အရက်ပုလင်းခွံ၊ ပလတ် စတစ်အခွံ၊ ပဲလှော်အခွံတွေကိုလှည်းရင်း ဟိုကောင် ဒီနေရာမှာတင် သောက်သွားတာကိုးလို့ တွေးပြီး အရက်ပုလင်းခွံကို ဆိုင်ထဲပြန်ထည့်လိုက်ပါတယ်။ တံမြက်စည်း ဆက်လှည်းနေတုန်းမှာ ပွဲသွားတွေ တလုံးတခဲတည်း ဆူညံစွာနဲ့ ပြန်ရောက်လာပါတယ်။ အားလုံးတစ်ယောက်တစ်ပေါက် ပြောလာကြတာက တော့ ညကပွဲခင်းထဲမှာ ပြဇာတ်ကြီး ကောင်းနေချိန် မှာ ‘‘ရန်မောင်’’အသတ်ခံရလို့ မိုးမလင်းမချင်း ရဲ တွေက အပြင်ပေးမထွက်လို့ ခုမှပြန်လာရတဲ့ အ ကြောင်းပါပဲ။ အိမ်ကမောင်နဲ့ တူလေးလည်း ရောက် လာပြီ။ ပြဇာတ်တစ်ဝက်လောက် ၁၂ နာရီလောက် မှာ အသတ်ခံရတာတဲ့။ ကျွန်မ ကြက်သေ သေသွား ခဲ့ပါတယ်။ 

သူ ကျွန်မဆီ အရက်လာဝယ်တဲ့အချိန် အတိ အကျပါပဲ။ ကျွန်မဆိုင်ထဲကို ပြန်ဝင်ဖို့ လုံးဝစိတ် ကူးလို့ မရတော့ပါဘူး။ သူပေးထားတဲ့ ဟင်းသီးဟင်း ရွက်တွေ၊ သူရဲ့ အရက်ပုလင်းခွံကို ကျွန်မ လှည့် တောင်မကြည့်ရဲတော့ပါဘူး။ ဒါနဲ့ကျွန်မလည်း အိမ် ပေါ်တက်၊ အဝတ်အစားသိမ်းပြီး ကျွန်မရော သမီး လေးပါ ဘယ်သူ့ကိုမှ ဘာမှမပြောဘဲ ကျွန်မရဲ့ယော က်ျားရှိရာကို ချက်ချင်း ထွက်ခဲ့ပါတော့တယ်။ ဆိုင်ကို လည်း ဒီအတိုင်းပစ်ထားတာပါ။ 

ဒီစာကိုသာ နှစ်တွေကြာလို့ ရေးမိခဲ့ပေမယ့် ဒီအကြောင်းကို ခုထိ ကျွန်မပါးစပ်နဲ့ ဘယ်သူ့ကိုမှ ဒီနေ့အထိ ဖွင့်ပြောပြဖို့ မရဲခဲ့ပါဘူး။ တကယ် ကိုယ် တွေ့ပါ။ စုံစမ်းကြည့်နိုင်ပါတယ်။ ပွဲလယ်ကောင် လူ အများကြီးကြားထဲ အသတ်ခံရပြီး သေသွားပေမယ့် ရန်မောင်အမှုဟာ ဒီနေ့အထိ တရားခံမမိသေးတာ လည်း အမှန်ပါပဲ။

လူတွေကတော့ အများကြီး ဖမ်းချုပ်စစ် ဆေးခံခဲ့ရပါတယ်။

ဝင်း(ကေတု)

မနောမယဝိုင်းတော် သား ဆရာဒိဗ္ဗာန်(ဂမ္ဘီရ)၏ ပြန်လည်သုံးသပ် တင်ပြချက် . . 

ဆရာမ ဝင်း(ကေတု)၏ စာမူမှာ လွန်စွာ စိတ် ဝင်စားဖွယ်ကောင်းသည့် အကြောင်းအရာများကို စုစည်း တင်ပြထားခြင်းဖြစ်သည်။ အထူးပြောလို သည်မှာ စာမူရှင် ဆရာမ ဝင်း(ကေတု)မှာ လှို့ဝှက်သည်းဖို ဝတ္ထုတစ်ပုဒ် ရေးသားသကဲ့သို့ ဇာတ်လမ်း အစမှအဆုံးအထိ ဆွဲ ဆောင်မှုရှိရှိ ရေးသားသွားသည် ကို ချီးကျူးလိုပေသည်။

ဇာတ်လမ်းထဲမှ ရန်မောင်ဆိုသူသည် အရက် ရောင်းသော(အမည်မဖော်ပြထားသူ)၏ ဆိုင်မှာ အရက် ဝယ်သောက်သည်။ ယောက်ျားဖြစ်သူ၏ ခင်မင်ရင်းနှီး သည့် မိတ်ဆွေဖြစ်သဖြင့် ပိုက်ဆံပင် မယူလိုက်ဘဲ လက်ဖက် သုပ်တစ်ပွဲ အလကားကျွေးလိုက်သည်ဟု ဆို၏။ ထို အကြိမ်မှာ ပထမအကြိမ်ဖြစ်သည်။ ရန်မောင် အသတ် မခံရ သေးမီဖြစ်ပုံရသည်။ 

တစ်ဖန် ဆိုင်ပိတ်သိမ်းပြီး မီးမှိတ်အိပ်နေစဉ် ရန်မောင် ရောက်ရှိလာပြန်သည်။ OP အရက်(အဆီ) တစ်ပုလင်းကို ငွေ ၁ဝဝ၊ ၂ဝ တန် ငါးရွက် ပေး ဝယ်သဖြင့် ပဲကြီးလှော် အမြည်း ထည့်ပေးလိုက်သည်ဆို၏။ ထိုအ ခေါက်မှာ မနက်ဖြက် ပွဲပြန်များနှင့် အချိန်ညှိကြည့်လျှင် ရန်မောင် အသတ်ခံရပြီး လောက်ပြီဟု ယူဆရလေသည်။

ထိုအခေါက် ရန်မောင် အရက်လာဝယ်ခြင်းမှာ လူစင်စစ်ဘဝဖြင့် အရက်လာဝယ်ခြင်း ဟုတ်မှ ဟုတ်ပါ့ မလားဟူ၍ သံသယပွားစရာ ဖြစ်လာသည်။ ဝိညာဉ် ဘဝဖြင့် စိတ်စွဲလမ်းမှုကြောင့်များလားဟူ၍လည်း အတွေးတွေချာချာ လည်စေသည်။ လူတို့သည် သေအံ့မူး မူးကာလ၌ မရဏဇောကြောင့်  ဤသို့ ထူးထူးဆန်းဆန်း များ ဖြစ်တတ်ကြောင်းသိရ ပေသည်။ ဖြစ်နိုင်မဖြစ်နိုင်မှာမူ စာဖတ်သူသာ ဆုံးဖြတ်ရန် တာဝန်ရှိပေသည်။ 

 ဒိဗ္ဗာန်(ဂမ္ဘီရ)‘

Share