ရှေးပဝေသဏီကစ၍ အဏ္ဏဝါပျော်သင်္ဘောသားတို့၏ ဒဏ္ဏာရီများ၊ ပုံပြင်များတွင် လည်းကောင်း၊ နယ်သစ်ရှာဖွေ စွန့်စားသွားလာသူများ၏ ပါးစပ်ပြောသမိုင်းများ၊ မှတ်တမ်းများတွင် ရေဇလာအတွင်း ခြောက်လှန့်လျက်ရှိသော တစေ္ဆသင်္ဘောများ ပါဝင်လေ့ ရှိပါသည်။ တစ်ချိန်က နာမည်ကျော်ကြား လူသိများခဲ့သော တစေ္ဆသင်္ဘောအချို့သည် ယခုအခါတွင်ပင် ရေစီးအတိုင်း မျောပါနေသည်ကို တွေ့ကြရသည်ဟု ဆိုကြ၏။ ထိုထူးခြားဖြစ်စဉ်များကို ယနေ့ သိပ္ပံပညာ အံ့မခန်းတိုးတက်နေသောခေတ်တွင် ဖွားမြင်လာကြသည့် မျိုးဆက်သစ်လူငယ်များအဖို့ သူပြောကိုယ်ပြော ယုံတမ်း ကောလာဟလ သတင်းများဟု ထင်မှတ်ဖွယ်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုဖြစ်ရပ်ဆန်းများသည် သိပ္ပံနိယာမတရားနှင့် မကိုက်ညီသောကြောင့် ဖြစ်သည်။

 

သို့သော် သိပ္ပံပညာအလွန်တိုးတက်ပါသည် ဟုဆိုသော အင်္ဂလန်နိုင်ငံမှ ရေကြောင်းသွားလာရေး အာမခံလွိုက်(Loyd)ကုမ္ပဏီကြီး၏ မှတ်တမ်းများ၊ ဗြိတိသျှဘုရင်မကြီးရေတပ်မတော် ဌာနချုပ်မှ မှတ် တမ်းများ၊ အမေရိကန်ပြည်ထောင်စု ရေတပ်မတော် ဌာနချုပ်မှ မှတ်တမ်းများနှင့် နိုင်ငံတကာမှထုတ်ဝေ သော စိတ်နယ်လွန်စွယ်စုံကျမ်းများ(Unexplained) နှင့် နိုင်ငံတကာ မနောသုတေသနအသင်းများမှ ထုတ်ဝေသော သုတေသနဂျာနယ်များတွင် ဓာတ်ပုံ သာဓက အထောက်အထားခိုင်ခိုင်မာမာနှင့် ကျယ် ကျယ်ပြန့်ပြန့် ရေးသားဖော်ပြခဲ့ကြသည်ကို ကျွန် တော်များ ဖတ်ရှုခဲ့ကြရပါသည်။

ထိုသဘာဝလွန်ဖြစ်ရပ်ဆန်းများကို အင်္ဂလန် နိုင်ငံ ဘီဘီစီရုပ်သံလွင့်အစီအစဉ်နှင့် အမေရိကန် ပြည်ထောင်စု ရုပ်သံလွင့်အစီအစဉ်များကလည်း အခါအားလျော်စွာ ထိုထူးခြားဖြစ်စဉ်များကို ထုတ် လွင့်ပေးလျက်ရှိရကား ရေဇလာထဲမှ နာနာဘာဝ ခြောက်လှန့်မှုများသည် ကျွန်တော်တို့အဖို့ အထူးစဉ်း စား လေ့လာသင့်သော ဖြစ်စဉ်များဟု ယူဆမိပါ သည်။

ယခုရေးသားဖော်ပြမည့် လူစီးဇီမ်ခံခရီးသည် တင် သသင်္ဘောကြီးမှာ ဒုတိယကမ္ဘာစစ်ကြိုကာမှ ဒုတိ ယကမ္ဘာစစ်ကြီးအပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှ ထုတ်ဝေ သော သတင်းစာကြီးများ၏ မျက်နှာဖုံးသတင်းအဖြစ် ထာဝစဉ်နေရာယူထားသော အင်္ဂလန်နိုင်ငံ ကာနက် (ဒ်) ရေကြောင်းသွားလာရေးကုမ္ပဏီပိုင် လူစီးဇိမ်ခံ သင်္ဘောကြီး ကွင်းမေရီ(The R.M.S Queen Mary)ပေါ်တွင် ခြောက်လှန့်နေသော နာနာဘာဝများ နှင့်ပတ်သက်သည့် ဖြစ်စဉ်ဖြစ်ပါသည်။

ကွင်းမေရီ မဟာလူစီးဇိမ်ခံသင်္ဘောကြီးမှာ ၂ဝ ရာစုအစပိုင်း ၁၉၁၂ ခုနှစ် ဧပြီလအတွင်း မြောက် အတ္တလန္တိတ်အဏ္ဏဝါပြင်အတွင်း နစ်မြုပ်ခဲ့သော တိုက်တန်းနစ်သင်္ဘောကြီးထက် ပိုမိုကြီးမားသည့် သင်္ဘောကြီးဖြစ်ပြီး ခေတ်မီလူစီးဇိမ်ခံသင်္ဘောကြီး ဖြစ်ရကား ဒုတိယကမ္ဘာစစ်ကြိုကာလနှင့် ဒုတိယ ကမ္ဘာစစ်ပြီးကာလတွင် နာမည်ကျော်ကြား လူသိ များခဲ့သော သင်္ဘောကြီးတစ်စင်းဖြစ်ပါသည်။

သက်ဆိုင်ရာ မှတ်တမ်းများအရ ကွင်းမေရီ သင်္ဘောကြီးသည် တန်ချိန် ၈၁၂၃၇ (ရှစ်သောင်း တစ်ထောင့်နှစ်ရာ့သုံးဆယ်ခုနစ်)လေး၍ အလျားပေ ၁ဝ၁၉၅ ပေ ရှည်လျားပြီး အောက်ခြေကြမ်းပြင်မှ ခေါင်းတိုင်အထိ ၁၈၁ ပေ မြင့်သည်ဟု သိရ၏။ သင်္ဘောကြီး၏အင်ဂျင်မှာ မြင်းကောင်ရေ ၁၆ဝ,ဝဝဝ  (တစ်သိန်းခြောက်သောင်း)ရှိပြီး ခရီးသည်ပေါင်း ၃ဝဝဝ ကျော် စီးနင်းလိုက်ပါနိုင်သည်။ မှတ်တမ်းများ အရ ထိုသင်္ဘောကြီးကို ၁၉၃ဝ ခုနှစ်က ကာနက်ဒ် ရေကြောင်းသွားလာရေးကုမ္ပဏီနှင့် ကြယ်ဖြူရေ ကြောင်းသွားလာရေးကုမ္ပဏီတို့ပူးတွဲ၍ အလုပ်သမား ပေါင်း ၁ဝဝဝ ကျော်ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်၏။ (တိုင်တန်းနစ်သင်္ဘောကြီးအား တည်ဆောက်ခဲ့ သော ကုမ္ပဏီကြီးများ ဖြစ်ပါသည်။)

၁၉၃၆ ခုနှစ် မေလ ၂၅ ရက်တွင်မူ အင်္ဂ လန်နိုင်ငံမှ အဌမမြောက်အက်ဒွပ်ဘုရင်(နောင်အခါ အချစ်အတွက် နန်းစွန့်ခဲ့သူဟု ဟိုးဟိုးကျော်ခဲ့သည်) နှင့် မယ်တော်မိဖုရားကြီးမေရီ၊ မြေးတော် အယ်လီ ဇဘက်မင်းသမီး(ယခု အင်္ဂလန်နိုင်ငံ ဘုရင်မကြီး)နှင့် တော်ဝင်မိသားစုများသည် ထိုသင်္ဘောကြီးပေါ်သို့ သွားရောက်၍ စစ်ဆေးကြည့်ရှုခဲ့ကြသည်ဟု သိရ၏။

၁၉၃၆ ခုနှစ် မေလ နောက်ဆုံးပတ်အတွင်း မှာပင် ကွင်းမေရီသင်္ဘောကြီးသည် ပထမဆုံးခရီး စဉ်အဖြစ် အင်္ဂလန်နိုင်ငံမှ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့သို့ သွားရောက်ခဲ့သည်။ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တော်သူမြို့တော်သား အများက ကွင်းမေရီသင်္ဘောကြီးအား နယူးယောက် ဆိမ်းကမ်းမှ ကြိုဆိုခဲ့ကြ၏။ အမေရိကန်ပြည်ထောင် စု၏ သြဇာတိက္ကမအကြီးမားဆုံး သတင်းစာကြီး ဖြစ်သော နယူးယောက်တိုင်းမ်သတင်းစာကြီးက ကွင်းမေရီသင်္ဘောကြီး အထူးခန့်ညားပုံ၊ ခေတ်မီပုံ များကို သတင်းဆောင်းပါးအဖြစ် ရေးသားဖော်ပြခဲ့ သည်။

၁၉၃၉ ခုနှစ် စက်တင်ဘာလတွင် ဥရောပ တိုက် အင်္ဂလန်နိုင်ငံပါဝင်သော မဟာမိတ်များနှင့် နာဇီဂျာမနီဦးဆောင်သော မဟာမိတ်နိုင်ငံများသည် ဒုတိယကမ္ဘာစစ်ကြီးကို စတင်ဆင်နွဲခဲ့တော့၏။ နာဇီ ဂျာမနီရေတပ်မတော်မှ ရေငုပ်သင်္ဘောများသည် အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ခုတ်မောင်းကြသော ဗြိတိသျှနှင့် မဟာမိတ်တို့၏ ကုန်တင်သင်္ဘောများ၊ လူစီးသင်္ဘောများ၊ စစ်သားတင်သင်္ဘောများကို ပစ် မှတ်ထား၍ တိုက်ခိုက်နစ်မြုပ်ခဲ့တော့၏။ သို့ဖြစ်၍ ဗြိတိသျှအစိုးရသည် ကွင်းမေရီသင်္ဘောကြီးအား ရန် သူ့တိုက်လေယာဉ်များ၊ ကင်းထောက်လေယာဉ်များ၊ ရေငုပ်သင်္ဘောများကို လှည့်စားရန် သင်္ဘောကြီးအား မီးခိုးရောင်ဆေးသုတ်ခဲ့ကြသဖြင့် ပြည်သူများကမူ မီးခိုးရောင်အမျိုးသမီးကြီးဟု ကင်ပွန်းတပ်ခဲ့ကြ၏။

ဗြိတိသျှအစိုးရသည် ကွင်းမေရီသင်္ဘောအား အတ္တလန္တိတ်အဏ္ဏဝါပြင်သာမက အိန္ဒိယသမုဒ္ဒရာ အတွင်းသို့ပင် သွားလာစေ၍ အမေရိကန်ပြည် ထောင်စုမှ ကမ်းခြေတက် တပ်မတော်သားများ၊ အင်္ဂ လန်နိုင်ငံနှင့် ကနေဒါတို့မှ တပ်မတော်သားများကို စစ်မျက်နှာများသို့ ပို့ဆောင်ပေးခဲ့ရ၏။ အတ္တလန္တိတ် သမုဒ္ဒရာအတွင်း ခရီးစဉ်တစ်ခုတွင် မမျှော်လင့်သော ဘေးအန္တရာယ်ဆိုးနှင့် ကြုံတွေ့ခဲ့ရသည်။ ထိုခရီးစဉ် အတွင်း ကွင်းမေရီသင်္ဘောကြီးအား စောင့်ရှောက် ရန်အတွက် လိုက်ပါလာသော ဖျက်သင်္ဘော ကူရာ အာကိုအား ရုတ်တရက်ဝင်ရောက်တိုက်မိတော့ သည်။ ဖျက်သင်္ဘောကလေးမှာ သေးငယ်သော သင်္ဘောဖြစ်သဖြင့် နှစ်ပိုင်းပြတ်သွားပြီး ထိုသင်္ဘော နှင့် လိုက်ပါသွားခဲ့သော အမေရိကန်ပြည်ထောင်စု ကမ်းခြေတက် တပ်သား ၃၄၈ ဦး သေဆုံးခဲ့ရပြီး ကွင်းမေရီပေါ်မှ သင်္ဘောသားအချို့နှင့် လိုက်ပါလာ သော တပ်သားအချို့လည်း သေဆုံးခဲ့ရ၏။

ထိုအချိန်ကစ၍ ကွင်းမေရီသင်္ဘောနှင့် လိုက် ပါလာခဲ့ကြသော တပ်သားများနှင့် သင်္ဘောသားများ ကမူ သင်္ဘောနှင့် ဝင်တိုက်မိသည့် ညသန်းခေါင်ချိန် ရောက်သည်နှင့် သင်္ဘောကြီး၏ကုန်းပတ်ပေါ်မှ ကယ်ပါ ယူပါ စသော ဆူဆူညံညံ ငိုကြွေးသံများ၊ လူအများ ပြေးလွားသံများ ကြားရသည်ဟုဆိုသည်။ အာဖရိကတိုက်မြောက်ပိုင်းမှ ကနေဒါနိုင်ငံသို့သွား သည့် ခရီးစဉ်တစ်ခုတွင် ယင်းသင်္ဘောကြီးနှင့်လိုက် ပါလာသည့် ဂျာမန်စစ်သုံ့ပန်းများနှင့် အီတလီစစ်သုံ့ ပန်းအချို့သည် ထိုသင်္ဘောကြီးပေါ်မှ ရေထဲသို့ ခုန် ချ၍ မိမိကိုယ်မိမိ အဆုံးစီရင်သွားခဲ့ကြရာ ထိုစစ် သုံ့ပန်းများ ကိုယ်ထင်ပြခြင်းကို သင်္ဘောကြီးနှင့် လိုက် ပါလာသော သင်္ဘောသားများ၊ စစ်သားများက မြင် ရသည်ဟူသော သတင်းများထွက်လာခဲ့၏။ ဒုတိယ ကမ္ဘာစစ်ကြီးပြီးဆုံးသွားပြီးနောက် ကွင်းမေရီသင်္ဘော ကြီးအား ပိုင်ဆိုင်သော ကားနက်ဒ်ကုမ္ပဏီနှင့် ကြယ် ဖြူကုမ္ပဏီတို့သည် သင်္ဘောကြီးအား စနစ်တကျ ခေတ်မီအောင် ပြင်ဆင်၍ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၃၁ ရက်က စတင်၍ အင်္ဂလန်နိုင်ငံ လီဗာပူးလ်မြို့နှင့် နယူးယောက်မြို့တို့အကြား ပြေးဆွဲခဲ့၏။

သို့သော် ကွင်းမေရီသင်္ဘောကြီးပေါ်တွင် နာ နာဘာဝ ခြောက်လှန့်မှုများနှင့် ကြုံရသည်ဟူသော သတင်းများ လှိုင်လာသဖြင့် ခရီးသည်အများက တတ်နိုင်သလောက် ကွင်းမေရီသင်္ဘောကြီးဖြင့် လိုက် ပါခြင်းမပြုခဲ့။ ခရီးစဉ်တစ်ခုတွင် အသက် ၁၈ နှစ် အရွယ် သင်္ဘောသားဂျွန်ပတ်ဒ်ဆိုသူမှာ သင်္ဘော ကြီး၏ ရေလုံတံခါးညပ်သဖြင့် ကွယ်လွန်ခဲ့ရပြီး သင်္ဘောအရာရှိ ဒဗလျူစတတ်မှာလည်း ရုတ်တ ရက် ကွယ်လွန်ခဲ့ရသည်။ သူတို့နှစ်ဦး၏ ဝိညာဉ်များ ကလည်း သင်္ဘောပေါ်တွင် ထာဝစဉ်ခြောက်လှန့်နေ သည် စသော နာမည်ဆိုးဖြင့် ကျော်ကြားလာသဖြင့် ၁၉၆၇ ခုနှစ် စက်တင်ဘာလ ၁၉ ရက်ကစ၍ ကွင်း မေရီသင်္ဘောကြီးအား အနားပေးခဲ့သည်။ ယခုအခါ အမေရိကန်ပြည်ထောင်စု လောင်းဘိချ်ဆိပ်ကမ်းတွင် ရပ်နားထားခဲ့ပြီး ရေဇလာဟိုတယ်ကြီးအဖြစ် မွမ်းမံပြင်ဆင် ဖွင့်လှစ်ခဲ့သည်ဟု ဆိုကြပါကြောင်း ...။

လှမိုး(ပညာရေး)

ကျမ်းကိုး - The World's most Haunted Places

Share