ပဲခူးမြို့မှ သနပ်ပင်မြို့ဘက်သို့အထွက် လမ်းတစ်နေရာတွင် ရှေးဟောင်းသစ်သားအိမ်အို ကြီးတစ်လုံး ရှိလေသည်။ ထိုအိမ်ကြီးမှာ နှစ် ပေါင်းများစွာ လူမနေဘဲ ပိတ်ထားသော အိမ် ကြီးဖြစ်လေသည်။

တစ်ခါသော် ပဲခူးမြို့၌ တာဝန်ကျသော ကျွန်ုပ်၏သူငယ်ချင်း လင်မယားနှစ်ဦးသည် ကျွန်ုပ်ထံသို့ အမောတကောနှင့် ရောက်လာခဲ့ ကြလေ၏။

‘‘ငါတို့ကို ကယ်ပါဦး ...၊ သူငယ်ချင်း ရယ် ... ငါတို့ဝန်ထမ်းဆိုတာက ထားရာနေ၊ စေရာသွား မဟုတ်လား ...၊ အခု ပဲခူးကို တာဝန်ကျလို့ ပြောင်းရတာ နှစ်လလောက်ရှိ သွားပြီး၊ အိမ်ထောင်ကျစဆိုတော့ တို့လက်ထဲ မှာ စုမိဆောင်းမိကလည်း ဘာမှ မရှိသေးလေ တော့ အပြောင်းအရွေ့တွေကြုံတဲ့အခါ ဒုက္ခများ တာပေါ့ သူငယ်ချင်းရာ ...၊

 

အိမ်ငှားခတွေကလည်း ခေါင်ခိုက်နေ တာ မင်းအသိပဲလေ ...၊ အဲဒါ အခုငါတို့နေတဲ့ အိမ်ကြီးကတော့ စပေါ်တွေ ဘာတွေလည်း မပေးရဘူးကွ ...၊ အိမ်လခလည်း သက်သာ တယ်ကွ ...၊ အဲဒါနဲ့ ငါတို့လင်မယားလည်း တစ်နှစ်စာချုပ်နဲ့ ငှားလိုက်တယ်ပေါ့ကွာ ...၊

ရေကိစ္စ၊ မီးကိစ္စလည်း အဆင်ပြေပါ တယ်ကွာ ...၊ ခက်နေတာက ဘာလဲဆိုတော့ ညညဆိုရင် ခေါင်းရင်းဘက်က တိုင်ကြီးတစ် တိုင်က တတောက်တောက်နဲ့ အသံတွေထွက် လာတယ်ကွ ...၊  ငါမှတ်မိသလောက်ဆိုရင် တော့ ည ၁၁ နာရီ ၂ဝ မိနစ်ဆိုရင် အဲဒီအသံက ထွက်လာရောကွ ...၊ ၁ဝ မိနစ်လောက် ဆိုရင်တော့ သူ့ဟာသူပျောက်သွားတယ် ...၊ အခြားဘာမှ ထိတ်စရာ လန့်စရာ မရှိပေမယ့် ညတိုင်း အဲဒီအသံကြားနေရတာကိုးက ချောက် ချားစရာ ဖြစ်နေတာပေါ့ကွာ ...၊ 

ပြီးတော့ ငါ့မိန်းမကလည်း ကိုယ်ဝန်ရှိ နေပြီကွ ...၊ အဲဒီတော့ အိမ်မှာတစ်ယောက် တည်းဆိုရင် မနေရဲဘူးဖြစ်လာရော ...၊ 

ပြီးတော့ ပြောရဦးမယ် ...၊ အိမ်ကြီးက နှစ်ထပ်အိမ်ကြီးကွ ...၊ ငါတို့လင်မယားက အိမ် ပေါ်ထပ်မှာနေရတာ၊ အောက်ထပ်က အခန်းတွေမှာ က အိမ်ရှင်တွေရဲ့ပစ္စည်းထည့်ပြီး သော့ကြီးတွေခတ် ထားတယ် ...၊ ငါတို့လင်မယားက အဲဒီသော့ခတ်ပြီး ပိတ်ထားတဲ့အခန်းတွေနားကနေ ဖြတ်ပြီးတော့မှ အပေါ်ထပ်ကို တက်ရတာ ...၊ တစ်မျိုးကြီးပဲကွ၊ အဲဒီအခန်းတွေနားက ဖြတ်သွားရတိုင်း ငါတို့မှာ အလို လို ကြက်သီးတွေ ထထလာတယ် ...၊

ပြီးတော့ စိတ်ထင်တာပဲလား၊ ဒါမှမဟုတ် နှစ်ပေါင်းများစွာ ပိတ်ထားလို့ မှိုနံ့တွေဘာတွေ ရတာ ပဲလားတော့ မသိဘူး ...၊ အဲဒီအခန်းတွေကနေ ဘာမှန်းမသိတဲ့အနံ့တစ်ခုခု ရနေသလိုပဲကွ ...၊

ပြောရရင်တော့ အဲဒီ ချောက်ချားစရာအိမ် ကြီးမှာ ငါတို့ဆက်ပြီးမနေချင်တော့ဘူးပေါ့ကွာ ...၊ ဒါပေမဲ့ ငါတို့မှာကလည်း ရုတ်တရက် အိမ်ထပ်ပြီး တော့ ပြောင်းဖို့ ငွေရေးကြေးရေးကလည်း အဆင် မပြေဘူးကွ ...၊ ဘာပဲဖြစ်ဖြစ် ဒီအိမ်ကြီးမှာတော့ စာချုပ်ပြည့်တဲ့အထိ ဆက်ပြီးနေကြရဦးမှာပေါ့ကွာ၊ အဲဒီအတွက် မင်းဆီကို အားကိုးပြီး လာခဲ့ကြတာပါ’’ ဟု ရှည်လျားထွေပြားစွာဖြင့် ပြောပြပါလေတော့၏။ ကျွန်ုပ်လည်း -

‘‘ကဲ ...ကဲ ...၊ အမောပြေ လက်ဖက် ရည်လေး သောက်လိုက်ကြပါဦးကွာ ...’’ ဟု အားပေးရလေ၏။ ထို့နောက်တွင်မှ -

‘‘ငါတို့ဆရာကြီး အဘမင်းသိင်္ခ ပြောဖူးတယ် ကွ ...၊ အိမ်ဆောက်တဲ့အခါ သစ်ခြောက်၊ ဝါး ခြောက်ဆိုတာတွေ ပါလာလေ့ရှိတယ် ...၊ အခုက မင်းတို့ကြုံတဲ့ တတောက်တောက်၊ တတတ်တတ် အသံတွေ၊ တကျွီကျွီ အသံတွေထွက်နေတတ်တာ မျိုးပေါ့ကွာ ...၊ တကယ်က အဲဒါ မကောင်းဆိုးဝါး တော့ မဟုတ်ပါဘူး ...၊ ဓာတ်ဘူတ သဘောလို့ ခေါ်တယ် ...၊ အပင်ဘဝတုန်းက သစ်ကိုင်းချင်း ကြိတ်ကြ ပွတ်ကြတာမျိုး နှစ်ပေါင်းများစွာ ကြာလာ တဲ့အခါ အထုံဖြစ်သွားပြီး သစ်ကိုင်းချင်း မပွတ်ကြရင် တောင်မှ အချိန်ကျလာရင် အဲဒီလို အသံတွေက ထွက်မြဲထွက်နေတတ်တဲ့ သဘောပေါ့ကွာ ...၊ အဲဒီ အတွက်က လွယ်ပါတယ် ...၊ အဲဒီလို အသံတွေ ထွက်လေ့ရှိတဲ့ တိုင်တို့၊ တန်းတို့ကို လေးလက်မသံ၊ ခြောက်လက်မသံလို သံကြီးကြီး တုတ်တုတ်နဲ့ အား ပြင်းပြင်း ရိုက်ထည့်လိုက်ရတယ် ...၊ အဲဒါဆိုရင် ဘာသံ ညာသံထွက်တယ်ဆိုတာမျိုးတွေ ရပ်သွား ပါလိမ့်မယ် ...၊

ရှေးလူကြီးတွေကတော့ သစ်မင်း ရိုက်ပြီး ထည့်ခိုင်းတယ်ကွ ...၊ သစ်မင်း ရှာရလွယ်ရင် လည်း ရိုက်ပြီးထည့်လိုက်ပေါ့ကွာ ...၊ 

နောက်တစ်ခုကတော့ တချို့အိမ်တွေမှာ အဆောက်အဦတွေမှာ ခြောက်တာ၊ လှန့်တာတို့၊ ဖြူဖြူကြီး မြင်လိုက်လို့၊ မည်းမည်းကြီး မြင်လိုက်လို့ ဆိုတာမျိုးတွေလည်း ရှိတတ်တယ် ...၊ ဟိုအနံ့ ပေးတယ်ဆိုတာမျိုးတွေလည်းရှိတတ်တယ် ...၊

အကောင်းဆုံးကတော့ လောကကြီးမှာ မေတ္တာဟာ အကောင်းဆုံးပါပဲ၊ မေတ္တာပို့သပြီး အမျှအတန်းပေးဝေတာမျိုးတွေလုပ်ရမှာပေါ့ကွာ၊

နောက်ပြီးတော့ ပရိတ်ရေနဲ့ ဖျန်းပက် တာမျိုးလည်း လုပ်လို့ရတာပေါ့ကွာ ...၊

နောက်တစ်မျိုးကတော့ ကမ္ဘာမှာ ဝီကာ လို့ခေါ်တဲ့ လောကီအသင်းကြီးတစ်သင်း ရှိတယ် ကွ၊ အဲဒီအသင်းကြီးရဲ့ နည်းတစ်ခုကတော့ ရေ ပုံးတစ်ပုံးထဲကိုရှာလကာရည်တစ်ပုလင်းလောင်း ထည့်၊ ရေ သုံးပုလင်းလောင်းထည့်၊ ရောမွေပြီး၊ ဘာတွေညာတွေရှိတယ်ဆိုတဲ့အိမ်တွေအဆောက် အဦတွေမှာ ဖျန်းပက်လိုက်ရတယ်ကွ ...၊ အဲဒီ လိုပက်လိုက်ရင်မကောင်းဆိုးဝါးမပြောနဲ့၊မကောင်း ဆိုးဝါးရဲ့ အဖေတောင်ထွက်သွားစေပါသတဲ့ဗျာ’’ ပြောပြလိုက်လေတော့၏။

၎င်းတို့၏ လာရင်းကိစ္စ အောင်မြင်သည် နှင့်ကျွန်ုပ်၏သူငယ်ချင်းလင်မယားလည်း‘‘ကျေး ဇူးတင်ပါတယ် သူငယ်ချင်းရယ် ...’’ဟူသော စကားကို အလျင်စလိုပြောလျက် ထိုင်ရာမှ ထ ကြလေ၏။ ထို့ကြောင့် ကျွန်ုပ်ကလည်း -

‘‘အေးပါကွာ ...၊ အသက်ကလေးရ လာတော့ သူငယ်ချင်း ငတ်လာတယ်ကွ ...၊ သူငယ်ချင်းတွေများ လာပြီကလားဆိုရင် ငါ့မှာ မရှိရှိတာလေးတွေ ထုတ်ကျွေးပြီး ပျော်နေရတာ ပါကွာ ...၊ အခုလို တကူးတက လာကြတဲ့အ တွက် ငါကလည်း ကျေးဇူးတင်ပါတယ် ...၊ ဒါပေမဲ့ မင်းတို့ကောင်တွေကလည်း အဆင်ပြေ ချမ်းသာနေရင် ငါ့ကိုမေ့နေကြတယ် ...၊ ဒုက္ခ ရောက်ပြီဆိုမှ ငါ့ဆီကို ပြေးလာကြတာဆိုတော့ မင်းတို့ ငါ့ဆီကိုရောက်ရောက် မလာကြပါစေနဲ့ လို့ပဲ ဆုတောင်းလိုက်ပါတယ်ကွာ’’ဟု ပြောဆို နှုတ်ဆက်လိုက်ရပါလေတော့သတည်း။

သဗေ္ဗဓမ္မ

ဇင်ယော်နီ

Share