မိတ်ဆွေတို့ချိန်ဆနိုင်ရန် ၁ ပတ်စာ မနောမယဟောစာတမ်း
(မေ ၃၁ ရက်နေ့မှ ဇွန် ၆ ရက်နေ့အထိ)
ကံ ဉာဏ် ဝီရိယ ၃ ချက်လုံး အားကောင်းအောင် ကြိုးပမ်းတော်မူနိုင်ကြပါစေသော်ဝ် ....

#ဇင်ယော်နီ
#H_A_A

 #တနင်္ဂနွေသားသမီးများ

ဒီရက်တွေအတွင်းမှာ အဖက်ဖက်က အခြေအနေကောင်းတွေ ကြုံလာမယ်။ စီးပွားရေးလုပ်ငန်းတွေ အထူးတိုးချဲ့သင့်တဲ့ အခါသမယ ပါပဲ။ မိတ်ကောင်း ဆရာကောင်းတွေ တွေ့မယ်။ စပ်တူရှယ်ယာအလုပ်၊ ပြည်တွင်းပြည်ပခရီး၊ ပညာရေးကိစ္စတွေ အထူးကောင်းပါတယ်။ ဆန်၊ ဆီ၊ ဆေး၊ ဆား၊ စက်မှု၊ စာအုပ်၊ မြေ၊ အမွေ၊ ဖုန်း ကိစ္စများမှာ အောင်မြင်မယ်။ အလှူအတန်း၊ မင်္ဂလာပွဲများနဲ့လည်း ကြုံကြိုက်ရတတ်ပါတယ်။ ဘာသာရေးလုပ်သလောက် ကံပွင့်လန်းနေမယ့်ရက်မျိုးဖြစ်ပါတယ်။ ဆွေမျိုးသားချင်းများနဲ့တော့ ပြဿနာကြီးကြီးမားမားတွေ ဖြစ်ရတတ်ပါတယ်။ လူရင်းတို့ရဲ့ မကောင်းသတင်းတချို့လည်း ကြားရတတ်ပါတယ်။ အထည်၊ ထီး၊ ဖိနပ်၊ ရွှေ၊ အောက်လက်ငယ်သားတို့အတွက်တော့ စိတ်ရှုပ်ခေါင်း စားရတတ်ပါတယ်။ ချစ်သူရည်းစားများ ဆုံးဖြတ်ရခက်တဲ့အခြေအနေ ကြုံလာမယ်။ အိမ်ထောင်ရှင်ဆိုရင် အညံ့များနေပါတယ်။ ထီထိုးမယ်ဆို ရင် ရှေ့မှာ (၃၅)ပူးနေတဲ့ ထီလက်မှတ်ဟာ လာဘ်လာဘတွေ ခေါ်ဆောင်လာပါလိမ့်မယ်။ ဒူး၊ နား၊ ရင်ဘတ် သတိထားပါ။ ယတြာ။   ။ မြတ်စွာဘုရားမှာ စမူဆာ(၈)ခု ဆွမ်းတော်ကပ်လှူပါ။ မိမိကိုယ်တိုင်လည်း စားရင်းဆုတောင်းပါလေ။


#တနင်္လာသားသမီးများ

ဒီရက်တွေအတွင်းမှာ လုပ်ငန်းသစ်စခြင်း၊ နေရာပြောင်းခြင်း၊ အခြေအနေပြောင်းတဲ့ကိစ္စများ အကျိုးပေးအောင်မြင်နိုင်ပါတယ်။ ပြည်တွင်း ပြည်ပခရီးတွေ အောင်မြင်မယ်။ ထွက်နေတဲ့ ငွေတွေ၊ ပစ္စည်းတွေ အောင်မြင်မယ်။ ကွဲကွာနေသူများနဲ့ ပြန်လည်ဆုံဆည်းရတတ်ပါတယ်။ အသီး အနှံ၊ သစ်၊ သံ၊ သွပ်၊ ရေထွက်ကုန်၊ ရွှေ၊ အလှကုန်၊ လျှပ်စစ်ပစ္စည်း၊ ခရီးသွားလုပ်ငန်းတွေ အောင်မြင်နိုင်သောအချိန်ဖြစ်ပါတယ်။ ငွေကတော့ တအားဝင်ပြီး တအားထွက်နေလိမ့်မယ်။ ဝမ်းဗိုက်၊ ဦးခေါင်း၊ အဆစ်အမြစ်၊ ကျန်းမာရေးဂရုစိုက်ဖို့ လိုပါတယ်။ အိမ်ထောင်ရှင်များ၊ ချစ်သူရည်းစားများ ဆုံးဖြတ်ရခက်တဲ့ အခက်အခဲလေးတွေ ကြုံလာရတတ်ပါတယ်။ ဘာမဆို အထစ်အငေါ့လေးတွေ ကြုံပေမဲ့ အောင်မြင်နိုင်သောကိန်း ဖြစ်ပါ တယ်။ ထီဝါသနာပါသူများ ရှေ့ဆုံးမှာ (၄၆) ပူးနေတဲ့ဂဏန်းကို ထိုးသင့်ပါတယ်။  ယတြာ။   ။မြတ်စွာဘုရားမှာ ရှောက်သီးသုပ်(၄)ပန်းကန် လှူဒါန်းလိုက်ပါလေ။ မိမိကိုယ်တိုင်လည်း စားရင်း ဆုတောင်းပါ။

#အင်္ဂါသားသမီးများ

ဒီရက်တွေအတွင်းမှာ ငွေကံတအားကောင်းပါတယ်။ နာမည်ဂုဏ်သတင်းတက်စရာတွေလည်း ကြုံမယ်။ နိုင်ငံခြားခရီး လူမျိုးခြားနဲ့ပတ်သက်တဲ့အလုပ်တွေ အကျိုးပေးအောင်မြင်မယ်။ ၂၇ အတွဲလိုက်ပူးပြီးစတဲ့ ထီလက်မှတ်တွေ ထိုးသင့်ပါတယ်။ အထည်၊ ထီး၊ ဖိနပ်၊ ဓာတ်ပုံ၊ လျှပ်စစ်၊ ကား၊ ကွန်ပျူတာ၊ ကျောက်၊ ကင်မရာလုပ်ငန်းရှင်များ တိုးချဲ့သင့်တဲ့အချိန်ဖြစ်ပါတယ်။ မိသားစုထဲမှာ အလှူပွဲ၊ မင်္ဂလာပွဲတွေ ကြုံရတတ်ပါတယ်။ အဲဒီနေ့မှာ ထီဖိထိုးသင့်ပါတယ်။ စပ်တူ၊ စာချုပ်ကိစ္စတွေမှာတော့ မရေမရာဖြစ်တတ်ပါတယ်။ မြေကိစ္စ၊ အမွေကိစ္စ၊ ဖုန်းကိစ္စများကိုတော့ ခေတ္တ ဆိုင်းငံ့ထားသင့် တဲ့အချိန်ပါပဲ။ ဘာမဆို နှစ်မျိုးနှစ်ခါ နှစ်ကြိမ်ကြုံတတ်တဲ့ ကိန်းဖြစ်ပါတယ်။ ထီပေါက်ရင်လည်း နှစ်ခါပေါ့ခင်ဗျာ။ အိမ်ထောင်ရှင်များ အဆင်မပြေမှုများပြီး ချစ်သူရည်းစားများ ကြည်နူးဝမ်းမြောက်စရာ နှစ်မျိုးနှစ်ခု ကြုံနိုင်ပါတယ်။ အာရုံကြော၊ ဝမ်းဗိုက်၊ ဆီး၊ မျက်စိရောဂါများ ဂရုစိုက်ရမယ့်ကာလဖြစ်ပါတယ်။ ယတြာ ။  ။ ဂုဏ်တော်ကိုးပါး ပုတီး ၂၇ ပတ် ၂ ရက်ဆက်ပြီး အဓိဋ္ဌာန်နဲ့ စိပ်လိုက်ပါလေ။

#ဗုဒ္ဓဟူးသားသမီးများ

ဒီရက်တွေအတွင်းမှာ တအားပင်ပန်းမယ်။ စိတ်မော၊ လူမောတွေ ဖြစ်ရမယ်။ အလုပ်ပိပြီး ကျန်းမာရေးညံ့သွားတတ်ပါတယ်။ စိတ်တိုင်းမကျစရာတွေ များနေမယ်။ တတ်နိုင်သမျှ စိတ်ရှည်ရှည် ခေါင်းအေးအေးနဲ့ အလုပ်တွေကို သက်သောင့်သက်သာလေး လုပ်သွားသင့်တဲ့အချိန်ဖြစ်ပါတယ်။ အလုပ်ထွက်ချင် ပြောင်းချင်တဲ့ဆန္ဒ ခေတ္တလေး စောင့်သင့်ပါတယ်။ နေရာကိစ္စ အိမ်ကိစ္စများ တိုးလိုးတန်းလန်း ဖြစ်နေတတ်ပါတယ်။ မိတ်ကောင်း ဆရာကောင်းတွေရဲ့ အကူအညီကောင်းတွေ ပေါ်လာမယ်။ နိုင်ငံခြားနဲ့ပတ်သက်လို့ အဆက်အသွယ် အခွင့်အရေးကောင်း ပေါ်လာတတ်တယ်။ မြေ၊ အမွေ၊ ဖုန်း၊ အထည်၊ ထီး၊ ဖိနပ်၊ ဓာတ်ပုံ၊ လျှပ်စစ်လုပ်ငန်းတွေမှာတော့ အထူး အောင်မြင်အကျိုးပေးနိုင်တဲ့အချိန်ဖြစ်ပါတယ်။ ခြေထောက်၊ ခါး၊ အစာအိမ်၊ ကျန်းမာရေး သတိပြုသင့်ပါတယ်။ အိမ်ထောင်ရှင်များ ချစ်သူရည်းစားများအတွက်တော့ အဆင်မပြေမှုတွေ များနေပါမယ်။ ထီဝါသနာပါရင် ၅၇ အတွဲလိုက်စတဲ့ထီလက်မှတ်ကို ရှာထိုးပါလေ။ ယတြာ ။  ။ ဗုဒ္ဓေါဂုဏ်တော် ပုတီး ၅ ပတ်၊ ၅ ရက်ဆက်ပြီး အဓိဋ္ဌာန်နဲ့ စိပ်လိုက်ပါလေ။

#ကြာသပတေးသားသမီးများ

ဒီရက်တွေအတွင်းမှာ ကံအညံ့လေးတွေ များနေပါမယ်။ အဖက်ဖက်က အနှောင့်အယှက်ရှိနေမယ်။ ခရီးသွားခြင်းဟာ အကောင်းဆုံး ယတြာပါပဲ။ နေရာသစ်၊ အိမ်သစ်၊ လုပ်ငန်းသစ် အစီအစဉ် များ အထူးပဲကောင်းပါတယ်။ ရပ်ဝေးပြည်ပကိစ္စတွေလည်း ဦးစားပေးပြီး စီစဉ်သင့်ပါတယ်။ ကွဲကွာနေသူများ ပြန်ဆုံခြင်း၊ ရပ်ဝေးက အကူအညီကောင်းရခြင်းများ ကြုံမယ်။ ငွေကတော့ တအားဝင်သလို တအားထွက်နေလိမ့်မယ်။ မထင်မှတ်တဲ့ ဘာသာရေး၊ ပညာရေး၊ အခွင့်အလမ်းကောင်းတွေ ပေါ်လာတတ်ပါတယ်။ အသီးအနှံ၊ ရေထွက်ကုန်၊ သစ်၊ သံ၊ သွပ် အလုပ်များ တိုးချဲ့သင့်တဲ့အချိန်ဖြစ်ပါ တယ်။ မီး၊ လျှပ်စစ်၊ သူခိုး သတိထားသင့်တဲ့အချိန်ဖြစ်ပါတယ်။ ရာထူးနေရာကိစ္စတွေမှာလည်း အနှောင့်အယှက်တွေကြားက အောင်မြင်သွားတတ်ပါတယ်။ စပ်တူအလုပ်များ သတိထားပါ။ အရေးကြီး စာရွက်စာတမ်းများသတိထားပါ။ အိမ်ထောင်ရှင်များ၊ ချစ်သူရည်းစားများ ရပ်ဝေးခွဲရကိန်းရှိနေပါတယ်။ ထီဝါသနာပါရင် ၁၄ အတွဲလိုက် စတဲ့နံပါတ်ကို ရှာထိုးပါ။ ယတြာ ။  ။ အရဟံသိဒ္ဓိ ပုတီး ၆ ပတ် ၆ ရက်ဆက်ပြီး အဓိဋ္ဌာန်နဲ့ စိပ်လိုက်ပါလေ။

#သောကြာသားသမီးများ

ဒီရက်တွေအတွင်းမှာ အဆင်မပြေ အလွဲအချော်တွေ များနေမယ်။ ဟိုဟာလုပ်ရတော့မလိုလို၊ ဒီဟာလုပ်ရတော့မလိုလိုနဲ့ အချိန်ကုန်နေတတ်ပါတယ်။ သူများ ပြဿနာတွေမှာလည်း ကြားညပ် တတ်ပါတယ်။ ဘာမဆို စိတ်ရှည်သင့်တဲ့အချိန်ပါပဲ။ လုပ်ငန်းသစ်စတာ၊ တဖြည်းဖြည်း တိုးချဲ့တာ၊ စပ်တူရှယ်ယာအလုပ် စာချုပ်လုပ်ငန်းတွေ ကောင်းပါတယ်။ ဆန်၊ ဆီ၊ ဆေး၊ ဆား၊ စက္ကူ၊ စာအုပ် အင်္ဂါနံတွေ အလုပ်ဖြစ်မယ်။ မထင်မှတ်ဘဲ အိမ်၊ အလုပ်၊ နေရာ၊ ရာထူး၊ ဆိုင်ခန်း အခွင့်အရေးကြုံတတ်ပါတယ်။ နိုင်ငံရပ်ခြားနဲ့ပတ်သက်တဲ့ အခွင့်အရေးကောင်း၊ အဆက်အသွယ်ကောင်းတွေလည်း ရတတ်ပါတယ်။ မိတ်ရင်း၊ ဆရာရင်းတို့ကြောင့် စိတ်ရှုပ်ရတတ်ပါတယ်။ ငွေကံကတော့ အတော်လေးနိမ့်နေပါတယ်။ ငွေများများရှိနေရင်လည်း ဆေးဖိုးဝါးခ ဖြစ်သွားတတ်ပါတယ်။ အိမ်ထောင်ရှင်များ အဆင်မပြေမှုတွေ ပြေလည်သွားလိမ့်မယ်။ ချစ်သူရည်းစားများကတော့ ဆုံးဖြတ်ရခက်တဲ့ အကျပ်အတည်းမျိုး ကြုံလာတတ်ပါတယ်။ ၃၁ အတွဲလိုက် စတဲ့ထီလက်မှတ်ကို ရှာပြီးထိုးသင့်ပါတယ်။ ယတြာ ။  ။ စာအုပ် ၃ အုပ် လက်ဆောင်ပေးရင်း လိုရာဆုကိုတောင်းပါလေ။

#စနေသားသမီးများ

ဒီရက်တွေအတွင်းမှာ ထွက်နေ၊ ဆုံးရှုံးနေတဲ့ ငွေတွေ၊ ပစ္စည်းတွေ၊ အခွင့်အရေးတွေ ပြန်ရတတ်ပါတယ်။ လုပ်ငန်းဟောင်း၊ နေရာဟောင်း၊ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့လည်း ပြန်လည် ဆုံစည်းရတတ်ပါတယ်။ ပြဿနာဟောင်း၊ ရောဂါဟောင်းတွေ ပြန်ပေါ်တတ်တာကိုလည်း သတိပြုဖို့လိုပါတယ်။ ငွေ တအားရွှင်မယ်။ ရတနာပစ္စည်းတွေ အလှကုန်ပစ္စည်းတွေ ဝင်တတ်ပါတယ်။ ကား၊ ကျောက်၊ ကွန်ပျူတာ၊ ကင်မရာ၊ ရွှေ၊ အလှကုန်လုပ်ငန်းတွေ အကျိုးပေးအောင်မြင်မယ်။ သူတစ်ပါး မနာလိုဖြစ်လောက်အောင် စီးပွားတက်အောင်မြင်မယ့်ကိန်းမျိုးဖြစ်ပါတယ်။ တမင်ရန်စနှောင့်ယှက် တာမျိုးတွေ ခံရတတ်ပါတယ်။ လူရင်း၊ လူယုံ ဒုက္ခပေးတတ်ပါတယ်။ ဘယ်ကိစ္စမဆို အနှောင့်အယှက်လေးတွေကြုံပြီးမှ အောင်မြင်တတ်ပါတယ်။ ချစ်သူရည်းစားများအတွက် ကံကြမ္မာ အထူးပွင့်လင်း နေပြီး အိမ်ထောင်ရှင်များအတွက်တော့ မတင်မကျကိစ္စလေးတွေ ရှိနေပါလိမ့်မယ်။ ထီဝါသနာရှင်များအနေနဲ့ ၂၄ အတွဲလိုက်စတဲ့ ထီနံပါတ်ကို ဖိဖိစီးစီးထိုးသင့်ပါတယ်။ ယတြာ ။  ။ကလေးများကို လက်ဖက်ရည်နဲ့ကိတ်မုန့် ဒါနလုပ်ပြီး လိုရာဆုကိုတောင်းပါလေ။

သဗ္ဗေဓမ္မာ
#ဇင်ယော်နီ

Share