အရပ်ထဲမှာ တချို့ ဘာအလှူလုပ်ပြီး ဘယ်လိုစီးပွားပျက်သွားသည်၊ ဘယ် လိုဘုရားတည်ပြီး ဘယ်လိုဒုက္ခရောက်သွားသည် ဟူသောအသံမျိုး ကြားဖူးပါသည်။

တစ်ခါတွင် ထိုအကြောင်းအရာနှင့်ပတ်သက်၍ ဆရာဇင်ယော်နီအား မေး ကြည့်သောအခါ ဆရာက -

‘‘အလှူအတန်းနဲ့ပတ်သက်လာရင် အဲဒီလို အစွမ်းအလမ်းမျိုး မထား ကောင်းပါဘူး ...၊ တိုက်ဆိုင်တာပဲ ဖြစ်နိုင်ပါတယ် ...၊ ကောင်းမှုကုသိုလ် လုပ်တဲ့အတွက် ကောင်းတာပဲ ဖြစ်ရမှာပေါ့ ...၊ 

ပုံပြင်လေးတစ်ပုဒ်ရှိတယ် ...၊ တစ်ခါက ညီအစ်ကိုနှစ်ယောက် ကုန်သွယ်ဖို့ ခရီးဝေးသွားခါနီးမှာ ဘာသာတရားကိုင်းရှိုင်းတဲ့ အစ်ကိုဖြစ် သူက ရွာဦးကျောင်းက ဆရာတော်ကြီးကို သေချာကန်တော့ သွား တယ် ...၊ ဘာသာတရားမကိုင်းရှိုင်းတဲ့ ညီငယ်ကတော့ ‘ဒါ အပိုတွေပါ ...၊ မလိုပါဘူး ...’ဆိုပြီး  ဆရာတော်ကြီးကို မကန်တော့ဘူးတဲ့ ...၊ 

အဲဒီညီအစ်ကိုနှစ်ယောက် ကျောင်းပေါ်ကနေ ဆင်းသွားတဲ့အခါ ဆရာတော်ကြီးက ဘေးမှာရှိတဲ့ ဒကာတွေကို -

‘‘ဒီနေ့ သူတို့ညီအစ်ကိုမှာ အစ်ကိုဖြစ်သူဟာ အသက် ဆုံးရှုံးလောက်အောင် ထိခိုက်ဒဏ်ရာ ရလိမ့် မယ် ...၊ ညီငယ်ဖြစ်သူကတော့ အသပြာတစ်သိန်း ဝင်ကိန်းရှိနေတယ် ...’’လို့ မိန့်တော်မူသတဲ့ ...၊ 

မကြာခင်မှာပဲ ညီအစ်ကိုနှစ်ယောက်လုံး ကျောင်းကို ပြန် ရောက်လာတယ် ...၊ အစ်ကိုဖြစ် သူက ခြေထောက်မှာ ပတ်တီးကြီးစည်းလို့ ...၊ လမ်းမှာ မတော်တဆ ခလုတ်တိုက်ပြီး ခြေထောက်ကို ထိခိုက်သွားလို့တဲ့ ...၊ အဲဒီမှာ အစ်ကိုဖြစ်သူက သိပ်ပြီး မကျေနပ်ချင်ဘဲ ဆရာတော်ကို လျှောက်တယ် ...၊ 

‘‘တပည့်တော်က ဘာသာတရား အသေအချာ ကိုင်းရှိုင်းပြီးမှ ခရီးသွားတာ ခြေ ထောက်မှာ ဒဏ်ရာရလာတယ် ...၊ ညီငယ်က ဘာသာတရားကို မထေမဲ့မြင်နဲ့ ခရီးထွက်သွားတာ အသပြာတစ်ရာ ကောက်ရလာတယ် ...၊ ကောင်းတာကိုလုပ်တဲ့လူက မကောင်းတာဖြစ်ပြီး မကောင်း တဲ့လူက ဘာလို့ ကောင်းကျိုးချမ်းသာရတာလဲ ...’’လို့ မေးလျှောက်တဲ့အခါ ဆရာတော်ကြီးက -

‘‘ကောင်းတာကိုလုပ်တဲ့အတွက် ဒကာ ကံကောင်းသွားတာ ...၊ အမှန်က ဒီနေ့ အသက် အန္တရာယ်အထိ ကြုံနိုင်တယ် ...၊ ဒါပေမဲ့ မိမိရဲ့ ကုသိုလ်ကံကြောင့် အသက်ဘေးကလွတ်ပြီး ခြေ ထောက်ကလေး ဒဏ်ရာရရုံပဲ ရခဲ့တာ ...၊ ညီဖြစ်သူကတော့ ဒီနေ့ အသပြာတစ်သိန်း ဝင်ကိန်းရှိတဲ့ နေ့ ...၊ ဒါပေမဲ့ ဘာသာတရား မကိုင်းရှိုင်းတဲ့အတွက် သူ့ရဲ့ကောင်းသောကံဟာ မှေးမှိန်ပြီး အသပြာ တစ်ရာပဲ ရခဲ့တာ ...၊ 

ရုတ်တရက်ဆိုရင် ကောင်းတာလုပ်သူက မကောင်းတာဖြစ်၊ မကောင်းတာလုပ်သူက ကောင်း တာဖြစ်သလားလို့ ထင်နိုင်ဖွယ်ရှိပေမယ့် တကယ်က မဟုတ်ပါဘူးကွယ် ...၊ ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုးပဲ ခံစားရမှာပါ ...’’လို့ ပြောပြလိုက်သတဲ့၊ 

အဲဒါက ဆရာဇင်ယော်နီပြောပြတဲ့ ပုံပြင်လေးပါ။ ဒါ ကြောင့် ကုသိုလ်ကောင်းမှု အလှူအတန်းလုပ်ကြရင် ကောင်း ကျိုးချမ်းသာကိုပဲ ခံစားကြရမှာပါ။ ဒါပေမဲ့ လောကီပညာ နဲ့ချိန်ဆပြီး ပြောပြရရင်တော့ လူတွေမှာ တေဇဆိုတဲ့အရပ် ဟာ ဘုန်းတန်ခိုးကြီးမားစေသော အရပ်မျက်နှာ ဖြစ်ပါ တယ်။ 

မိမိတို့နေအိမ်ရဲ့ တေဇအရပ်မှာ ဘုရားတည် ခြင်း၊ သို့မဟုတ် ဘုရားစေတီတော်ဟောင်း ပြုပြင် ခြင်းများ ပြုမယ်ဆိုရင် ဘုန်းတန်ခိုး ရာထူးသြဇာ အတွက် ပိုပြီး အကျိုးထူးစေနိုင်ပါလိမ့်မယ်။ နေ့သား အလိုက် တေဇအရပ်တွေကတော့ -

တနင်္ဂနွေသားသမီးများအတွက် အနောက် အရပ်၊ 

တနင်္လာသားသမီးများအတွက် အနောက်မြောက်အရပ်၊

အင်္ဂါသားသမီးများအတွက် မြောက်အရပ်၊

ဗုဒ္ဓဟူးသားသမီးများအတွက် အရှေ့မြောက် အရပ်၊

ကြာသပတေးသားသမီးများအတွက် အရှေ့တောင်အရပ်၊

သောကြာသားသမီးများအတွက် အနောက်အရပ်၊

စနေသားသမီးများအတွက် အရှေ့အရပ်တွေပဲ ဖြစ်ကြပါတယ်။ 

လူတွေမှာ အာယုဆိုတဲ့အရပ်မျက်နှာဟာ အသက်ရှည်ခြင်း၊ ကျန်းမာ ခြင်းတွေကို အထောက်အကူ ပြုပါတယ်။ အာယုအရပ်မျက်နှာမှာ ကျောင်းဆောက်လှူခြင်း၊ ရေတွင်း ရေကန်လှူခြင်း၊ သို့မဟုတ် ပြုပြင်မွမ်းမံခြင်းတွေ ပြုမယ်ဆိုရင် သက်ရှည်ကျန်းမာစေသော အကျိုးထူးကို အထောက်အပံ့ ဖြစ်စေပါလိမ့်မယ်။ နေ့သားအလိုက် အာယုအရပ်များကတော့ .....

တနင်္ဂနွေသားသမီးများအတွက်အရှေ့အရပ်၊ 

တနင်္လာသားသမီးများအတွက် အရှေ့တောင်အရပ်၊

အင်္ဂါသားသမီးများအတွက် တောင်အရပ်၊

ဗုဒ္ဓဟူးသားသမီးများအတွက် အနောက်တောင်အရပ်၊

ကြာသပတေးသားသမီးများအတွက် အနောက်မြောက်အရပ်၊

သောကြာသားသမီးများအတွက် အရှေ့မြောက်အရပ်၊

စနေသားသမီးများအတွက် အနောက်အရပ်တွေပဲ ဖြစ်ကြပါတယ်။ 

စောယုနွယ်နီ(ရွေပေါက္ကံ)

Share