ဟိုးရှေးတုန်းကတရုတ်ပြည်ရဲ့ ရှင်းကျန်းပြည် နယ်မှာဉာဏ်ကောင်းတဲ့ အားဖန်းထီဆိုသူရှိတယ်။ တစ်နေ့တော့ သူ့အိမ်အတွက်ငွေရှာပေးဖို့ သူဌေး အိမ် တစ်အိမ်မှာ အချိန်ပိုင်းအလုပ်သွားလုပ်ရသတဲ့။ ဒီသူဌေးဟာ အင်မတန် ကပ်စေးနဲပြီး နှမြောတွန့်တို သတဲ့။ သူဌေးထမင်းစားချိန်ရောက်တိုင်း အားဖန်းထီ ဟာ ဆန်ပြုတ်အရည်ကျဲ တစ်ပန်းကန်နဲ့ ပေါင်မုန့် အမာတစ်ခုပြင်ဆင်ပြီး သူဌေးစားမယ့် နေရာကို ယူ သွားပေးရသတဲ့။

သူဌေးဟာ အားဖန်းထီကို ဘယ် တော့မှ သူစားတဲ့အစားအစာကို မကျွေးဘူးတဲ့။အားဖန်းထီဟာ ထမင်းစားချိန်ကျော်တဲ့အထိ ဘာမှ မစားရဘဲ ဗိုက်အဆာခံ အလုပ်လုပ်ပေးပြီးမှ အိမ်ပြန် ရသတဲ့။ သူဌေးကလည်း အားဖန်းထီကို အစား ကျွေးရမှာ နှမြောတွန့်တိုလွန်းလို့ မသိချင်ယောင် ဆောင်နေသတဲ့။

တစ်နေ့တော့ လူတစ်ယောက်ဟာ သူဌေး စားဖို့ ပျားရည်တစ်ပန်းကန် လက်ဆောင်လာပို့သွား သတဲ့။ သူဌေးကလည်း ထမင်းစားနေရင်းနဲ့ ကိစ္စပေါ် လာတာနဲ့ စားလက်စ ပန်းကန်ကိုထားပြီး အပြင် ထွက်သွားသတဲ့။ အားဖန်းထီကိုတော့ မှာကြားခဲ့ တယ်။ ‘‘အားဖန်းထီ ...ငါစားလက်စပန်းကန်နဲ့ အခုလေးတင် သူများလာပို့တဲ့ လက်ဆောင် အဆိပ် ဆေးပန်းကန်ကို ငါ့အိပ်ခန်းထဲပို့ပေးထား၊ သေချာ သယ်သွားဦး၊ လမ်းမှာပန်းကန်တွေ မမှောက်စေနဲ့’’။သူဌေးထွက်သွားပြီးတဲ့နောက် အားဖန်းထီလည်း ထမင်းစားပန်းကန်နဲ့ ပျားရည်ပန်းကန်သယ်ရင်းက စဉ်းစားမိတယ်။ သူဌေးက ပျားရည်ပန်းကန်ကို ဘာ ဖြစ်လို့ အဆိပ်ဆေးလို့ ပြောသွားရတာလဲပေါ့။စဉ်းစားရင်းနဲ့ နားလည်သွားတယ်။ တကယ်တော့ သူဌေးက ပျားရည်လို့ပြောရင် သူစားမှာ စိုးလို့ အင်မတန် နှမြောတွန့်တိုစိတ်နဲ့ အဆိပ်ဆေးလို့ ပြော ခဲ့တာကိုး။

အားဖန်းထီဟာ သူဌေးအိပ်ခန်းထဲက စားပွဲ ပေါ်မှာ ပန်းကန်တွေစီရင်းကနေ ဗိုက်ဆာလာတာနဲ့ ပျားရည်ကလည်း အနံ့တအားမွေးပြီး စားချင်စရာ ဖြစ်လေတော့ နှိုက်စားရင်းကနေ တစ်ပန်းကန်လုံး ကုန်သွားသတဲ့။ အားဖန်းထီလည်း တစ်ပန်းကန်လုံး စားမိသွားတော့ သူဌေးပြန်လာရင် ပြသနာရှာခံရ တော့မယ် သိတာကြောင့် သူအပြစ်ကလွတ်တဲ့နည်း ကို စဉ်းစားရတော့တာပေါ့။ အဲဒီနောက် သူဌေးရဲ့ ပန်းကန်နဲ့ ဇွန်းအချို့ကို ချခွဲလိုက်တယ်။ ပြီးတော့မှ သူဌေးရဲ့ အဖိုးတန်လှတဲ့ နူးညံ့အိစက်တဲ့အိပ်ရာပေါ် မှာ ခဏတက်အိပ်ကြည့်ရင်းကနေ အိပ်ငိုက်လာတာ ကြောင့် အိပ်ပျော်သွားခဲ့သတဲ့။ ဒီလိုနဲ့ သူဌေး ပြန်ရောက်လာချိန်မှာ သူဌေးက သူ့အခန်းထဲမှာ ပန်းကန်တွေ ကွဲနေပြီး ပျားရည်ပန်းကန်ထဲမှာလည်း ပျားရည်မရှိတော့ဘူး၊ သူ့အိပ်ရာမှာလည်း အားဖန်းထီ အိပ်မောကျနေတာမြင်ရတော့ တအားဒေါသထွက် သွားပြီး ‘‘အားဖန်းထီ၊ ထစမ်း၊ နင် ဘယ်လိုလုပ်ထား တာလဲ’’ဆိုပြီး နှိုးတော့တာပေါ့။ အားဖန်းထီလည်း အိပ်ရာကထပြီး ‘‘သူဌေးရေ ...ငါဒီနေ့ ဒုက္ခတွေ့ သွားတယ်။ သင်လည်း အပြင်ထွက်သွားရော သင် မှာတဲ့ အတိုင်း ပန်းကန်တွေသယ်ရင်း ကျကွဲသွား တယ်။ ငါသိပါတယ်။ နင် ပြင်းပြင်းထန်ထန် အပြစ် တင်တော့မယ်၊ စိတ်လည်း တအားဆိုးတော့မယ်ဆို တာကိုပေါ့။ ပြီးတော့ ငါ့ကိုလျော်ခိုင်း

တော့မယ်ဆိုတာ လည်း သိနေတယ်။ ငါက ဆင်းရဲတဲ့သူတစ်ယောက် ပါ။ သားသမီးတွေလည်း များတယ်။ ပိုက်ဆံလုံလုံ လောက်လောက်လည်း မရှိတော့ ဘယ်လျော်နိုင်ပါ့ မလဲ။ ဒါကြောင့် လျှောက်စဉ်းစားရင်းက စိတ်ဆင်းရဲ ပြီး ကိုယ့်ကိုယ်ကို သတ်သေတာပဲ ကောင်းမယ်လို့ တွေးပြီး ဒီပန်းကန်ထဲက သင် ပြောတဲ့ အဆိပ်ဆေး တွေသောက်ပြီး သတ်သေခဲ့တယ်။ သောက်ပြီးပြီး ချင်းပဲ ငါ့ရဲ့ခေါင်းလည်း မူးသွားပြီး သင့်အိပ်ရာပေါ် လဲချမိလိုက်တယ်။ ခဏကြာတော့ ဆေးက တန်ခိုး ပြပြီး ငါ သေသွားတော့တာပဲ။ အခုလည်း ငါဒီနေရာ ကနေ အမြန်ထွက်သွားမှဖြစ်မယ်။ တော်ကြာ သင့် အိမ်မှာ သေနေမှဖြင့် သင့်အတွက်အခက်တွေ့နေဦး မယ်။ သူဌေး ...သင်ကတော့ ကံကောင်းသွားတာ ပေါ့။ ဒီအဆိပ်ဆေးတွေ ငါအကုန်သောက်လိုက်မိလို့၊ မဟုတ်ရင် သင်သာ သောက်မိလို့ကတော့ မတွေးဝံ့ စရာပါပဲ’’လို့ ပြောပြီး အားဖန်းထီလည်း တစ်ချိုး တည်း သူဌေးအိမ်ကနေ ထွက်ခဲ့သတဲ့။ အားဖန်းထီ စကားကြားလိုက်ရတဲ့ သူဌေးဟာ စိတ်ဆိုးရလည်း အခက်၊ အပြစ်တင်လို့လဲမရနဲ့၊ နောက်ဆို အိမ်မှာ ခိုင်းတဲ့ လူတွေကို နှမြောတွန့်တိုခြင်းမရှိဘဲ အစား အသောက်ပါ ကျွေးတော့မယ်လို့ ဆုံးဖြတ်လိုက်တော့ သတဲ့။

Ref : Afanti Story

ယမုံအေး(စမ်းချောင်း)

Share