ဟိုးရှေးတုန်းက တရုတ်ပြည်ရဲ့ ရှင်းကျန်း ပြည်နယ်မှာ ဉာဏ်ကောင်းတဲ့ အားဖန်းထီဆိုသူရှိ တယ်။ သူနေတဲ့မြို့လေးမှာ ပိတ်စတွေကို အရောင် ဆိုးပေးတဲ့ ဆိုင်တစ်ခုဖွင့်ပြီး ဆေးရောင်ဆိုးပေး တယ်။ သူနေတဲ့မြို့လေးဆီကို အသက်ငယ်ငယ် တရားသူကြီး အသစ်တစ်ယောက် ရောက်ရှိလာခဲ့ တယ်။ ဒီတရားသူကြီးအသစ်လေးဟာ ဒီမြို့လေး ရဲ့ အချမ်းသာဆုံး သူဌေးအိမ်မှာနေသတဲ့။

ဒီသူဌေး ကလည်း သူ့အိမ်မှာ တရားသူကြီးကို ပေးနေထား တဲ့အတွက် အင်မတန်ဂုဏ်ယူပြီး အရင်ကထက်ပို ပြီး မာန်မာနတွေတက်လာသတဲ့။

ဒီသူဌေးဟာ တစ် နေ့မှာတော့ အားဖန်းထီဆိုင်ရှေ့က ဖြတ်သွားရင်း အားဖန်းထီကိုတွေ့တော့ သူ့အိမ်မှာအသစ်လာတဲ့ တရားသူကြီးနေကြောင်း ကြွားဝါပြောသတဲ့။ အသက် ငယ်တဲ့ တရားသူကြီးအသစ်လေးဟာ ကမ္ဘာပေါ်မှာ ဉာဏ်အကောင်းဆုံးပါပဲ။ သူသင်ယူဆည်းပူးခဲ့တဲ့ ပညာတွေဟာလည်း အလွန်များပြားပြီး ဦးနှောက်ထဲ မှာလည်း အသိဉာဏ်ပညာတွေ ပြည့်ဝနေကြောင်း၊ သင်ဉာဏ်ကောင်းတယ်ဆိုတာ တရားသူကြီးကို မမီ နိုင်လောက်ပါဘူးလို့ အားဖန်းထီကို နှိမ်ပြောလိုက် သတဲ့။

ဒါကြောင့် အားဖန်းထီကပြန်ပြောတယ်။ ‘‘တရားသူကြီးမင်းရဲ့ ဦးနှောက်ထဲမှာ အသိဉာဏ် ပညာတွေ ပြည့်နေမယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ အခု ခေတ် တရားသူကြီးတွေဟာ ဘယ်သူပိုက်ဆံပိုပေး နိုင်သလဲပဲကြည့်နေကြတာ။ ဒါကြောင့် အသိဉာဏ် ပညာနဲ့ ဦးနှောက်ကိုအသုံးပြုဖို့မှ မလိုတာပဲ။ အသိ ဉာဏ်ပညာတွေ သူ့ဦးနှောက်ထဲအပြည့်ရှိနေမှာပေါ့။ ဒါ မဆန်းပါဘူး’’။ ဒီစကားကိုကြားတော့ သူဌေး လည်း စိတ်ဆိုးကာ ပြန်သွားပြီး တရားသူကြီးကို ပြန်ပြောပြတယ်။ တရားသူကြီးကကြားတော့ မခံ မရပ်နိုင်အောင် ဒေါသထွက်သွားပြီး အားဖန်းထီကို လက်စားချေဖို့ တောက်လျှောက်စဉ်းစားနေတော့ သတဲ့။

တစ်နေ့မှာတော့ တရားသူကြီးဟာ သူဌေးကို ပိတ်စတစ်အုပ်ယူလာခိုင်းတယ်။ ပြီးတော့ အားဖန်းထီ ဆိုင်ကိုရောက်လာပြီး ရိုင်းရိုင်းစိုင်းစိုင်းနဲ့ ပြော လိုက်တယ်။ ‘‘ငါ့ရဲ့ ဒီပိတ်အုပ်ကို ကောင်း ကောင်းအရောင် ဆိုးပေး၊ နင့်ရဲ့လက်မှုပညာ အရမ်းမြင့်မားတယ်လို့ ကြားတယ်’’။ အား ဖန်းထီက ပြန်မေးတယ်။ ‘‘သင်က ဘာ အရောင်ဆိုးချင်တာလဲ တရားသူကြီး မင်း’’။ တရားသူကြီးလည်း သူဆင်တဲ့ အကွက်ထဲ ဝင်ပြီဆိုပြီး ဝမ်းသာသွားကာ ‘‘ငါက သာမန်အရောင်ပဲ ဆိုးချင်တာ’’။ အားဖန်းထီကလည်း တရားသူကြီးတော့ ပညာပြနေပြီဆိုတာ သိလိုက်တယ်။ ‘‘သာမန် အရောင်ဆိုတာ ဘယ်လိုအရောင်ပါလဲ’’လို့ ပြန်မေးလိုက်တယ်။ တရားသူကြီးက ‘‘ငါလို ချင်တဲ့ သာမန်အရောင်ဆိုတာ အနီလည်း မဟုတ်၊ အပြာလည်း မဟုတ်၊ အနက်လည်း မဟုတ်၊ အဖြူလည်းမဟုတ်၊ အဝါလည်း မဟုတ်၊ မီးခိုးရောင်လည်းမဟုတ်၊ နင်နား လည်လား၊ နင်ကဉာဏ်ကောင်းတဲ့သူဆို၊ နင့်အသိ ဉာဏ်တွေကိုသုံးပြီး အရောင်ဆိုးပေးပေါ့’’ လို့ ပြော သတဲ့။

တရားသူကြီးနောက်ကနေ ကပ်လိုက် လာတဲ့ သူဌေးက ဝင်ပြောပြန်သတဲ့။ ‘‘အားဖန်းထီ တရားသူကြီးက သူလိုချင်တဲ့အရောင် မဆိုးပေးနိုင် ရင် နင့်ကိုခွင့်လွတ်မှာမဟုတ်ဘူးနော်’’။ အားဖန်းထီ လည်း သူတို့နှစ်ယောက် တမင်လုပ်တာမှန်းသိတော့ ‘‘ဒါဟာ ခက်ခဲတဲ့ကိစ္စမှမဟုတ်တာ၊ ငါကျိန်းသေ တရားသူကြီးလိုချင်တဲ့အရောင်ကို ဆိုးပေးနိုင်မှာပါ’’။ တရားသူကြီးမင်းလည်း သူ အားဖန်းထီကိုနိုင်ပြီဆိုပြီး ဝမ်းသာကာ ‘‘နင် တကယ်ဆိုးပေးနိုင်တယ်ဆိုတော့ ငါ ဘယ်နေ့လာယူရမလဲ’’လို့ ပြန်မေးတယ်။ အားဖန်း ထီက တရားသူကြီးလာအပ်တဲ့ ပိတ်အုပ်ကိုယူကာ ဗီရိုထဲထည့်ပြီး သော့ခတ်သိမ်းလိုက်ရင်းက ပြန်ပြော လိုက်တယ်။ ‘‘ဟိုတစ်ရက်ကို လာယူလေ။ တနင်္လာ မဟုတ်၊ အင်္ဂါလည်းမဟုတ်၊ ဗုဒ္ဓဟူးလည်းမဟုတ်၊ ကြာသပတေးလည်းမဟုတ်၊ သောကြာလည်း မဟုတ်၊ စနေလည်းမဟုတ်၊ တနင်္ဂနွေလည်းမဟုတ် တဲ့ တစ်ရက်ပေါ့။ အဲဒီ ဟိုတစ်ရက်ကျ လာယူရင် လေ တရားသူကြီးမင်း စိတ်ကြိုက်ကျေနပ်စေရပါ မယ်’’။ အားဖန်းထီရဲ့ စကားကိုကြားတော့ တရား သူကြီးမင်းလည်း အောင့်သက်သက်ကြီးဖြစ်သွား တယ်။ သူဌေးကလည်း ဘာဆက်ပြောရမှန်းမသိ တော့ဘဲ နှစ်ယောက်သား ဘာမှထပ်မပြောနိုင်တော့ ဘဲ အားဖန်းထီရဲ့ဆိုင်ထဲကနေ တချိုးတည်းပြန်ထွက် သွားတော့သတဲ့။

Ref : Afanti's story

ယမုံအေး

(စမ်းခေျာင်း)

Share