(၁) မိမိမွေးနေ့မှစ၍ တစ်နေ့လျှင် အလင်း တိုင်တစ်တိုင် တစ်တိုင် ကိုးရက်ထွန်း၍ ပူဇော်ပါ။ ကိုးရက်စေ့သောအခါတွင် ဒုတိယအကြိမ် တစ်နေ့ လျှင် နှစ်တိုင် ထွန်း၍ပူဇော်ပါ။ ကိုးရက်စေ့သောအခါ တတိယအကြိမ် တစ်နေ့လျှင် သုံးတိုင် ကိုးရက်ထွန်း ၍ ပူဇော်ပါ။ ရက်ပျက်ရက်ခြား မရှိစေဘဲ ရက်ပေါင်း ၂၇ ရက် ပူဇော်ရပါမည်။

မီးထွန်း၍ပြီးတိုင်း ‘‘နမောတေ မာရဝိဇယ’’ ဟု ၁ဝ၈ ခေါက် ရအောင်ရွတ်ဆိုပါ။ ထိုပါဠိ၏ ဆို လိုရင်းမှာ ‘‘မာရ်စစ်သည်တို့ကို အောင်မြင်တော်မူ ပြီးသော ဘုရားရှင်ကိုယ်တော်မြတ်ကြီးအား ရှိခိုး ကန်တော့ပါ၏ အရှင်ဘုရား ...’’ ဟု ဆိုလိုပါ သည်။ 

မီးပူဇော်ရာတွင် နံနက်အိပ်ရာထ လင်ဗန်း ပေါ်တွင် ထွန်း၍ ပူဇော်ပါ။ ရက်ပေါင်း ၂၇ ရက်ပြည့် မြောက်သောအခါ ဆက်လက်၍ ညဉ့်ဦးပိုင်းအချိန် တိုင်း ဖယောင်းတိုင် နှစ်တိုင်ထွန်းညှိပူဇော်ရပါမည်။

(၂) ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ သုံးပတ်၊ ဓမ္မံ သရဏံ ဂစ္ဆာမိ သုံးပတ်၊ သံဃံ သရဏံ ဂစ္ဆာမိ သုံးပတ်၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ သုံးပိုဒ်ရော၍ ပုတီးတစ်ပတ်ပေါင်း ၁ဝ ပတ်ရအောင် ပွားများပါ။

ပုတီးမစိပ်မီ ရှေ့အဖို့၌ ထိုနေရာဌာနကို သန့် ရှင်းပြီး ဖြူစင်သော အဝတ်အထည်ကိုခင်း၍ ထို အခင်းပေါ်၌ အလင်းတိုင်တစ်တိုင်နှင့် ရေတော် သုံး ဖလားလှူပြီး ငါးပါးသီလဆောက်တည်ပါ။ 

ထို့နောက် အနန္တဂုဏ်တော်ငါးပါးကို ကန် တော့ပြီး ပရိတ်တော်၊ သုတ်တော်၊ ဂါထာမန္တန်တော် များကို ရွတ်ဆိုပြီး မေတ္တာပွားများခြင်းတို့ကို ပြုလုပ် ပြီးမှ ပုတီးစိပ်ပါ။ ပုတီးစိပ်နေသောအချိန်အတွင်း၌ မျက်စိဖွင့်ကြည့်ခြင်း၊ စကားပြောခြင်းနှင့် တခြားတစ် နေရာသို့ ထသွားခြင်းကို အလျဉ်းမပြုသင့်ပါ။ 

(၃) သူတစ်ပါးခံပြင်းအောင်၊ နာကြည်းအောင်၊ စိတ်ထိခိုက်အောင် ပြောဆိုခြင်းများကို အထူးဂရုပြု ၍ ရှောင်ကြဉ်ပါ။

(၄) ကျွဲ၊ နွား၊ ဝက်၊ အရက်သေစာတို့ကို စားသောက်ခြင်းမှ အဓိဌာန်ထား၍ ရှောင်ကြဉ်ပါ။

(ဖယောင်းတိုင်အား လင်ပန်းအလတ်၊ အကြီး ခံ၍ ထွန်းညှိပူဇော်ပါ။)

အထက်ပါ ဆရာတော်ကြီး၏ သြဝါဒကို ယုံ ကြည်မှုသဒ္ဓါတရား ကောင်းစွာထား၍ ကျင့်ဆောင် ပွားများပါက အောင်မြင်နိုင်ပါသည်။

ကျွန်တော့်အား ပုတီးစိပ်နည်း အကူအညီ တောင်းသည့် လူငယ်များသာမက အချို့လူကြီးများ ပင် ပါဝင်ပါသည်။ ကျွန်တော်သည် ပုတီးစိပ်နည်း အစထားလျက်သာမက ဝိပသနာဆိုင်ရာ အတိလမ်း ညွန်နည်းပေးနိုင်စွမ်း ရှိသူမဟုတ်။ သို့သော် ကျွန် တော်၏ဘဝခရီးတစ်လျှောက် အချိန်များစွာတို့သည် ဗုဒ္ဓသာသနာပြုစခန်းများစွာတို့နှင့် ကျင့်စဉ်ကိစ္စ၊ စာပေကိစ္စတို့ပါ ဆက်စပ်သွားလာနေသည်က များ ခဲ့ပါသည်။

ဤသည်တို့ကြောင့် ဤသို့အကူအညီတောင်း လာကြသည်ကိုလည်း သတိထားမိ၏။ ကျွန်တော့်ထံ တွင် ကျေးဇူးရှင် ရွေပေါ်ကျွန်းအရှင်ဇေယျသိဒ္ဓိဓမ္မ ဉာဏိက ဆရာတော်ကြီးနှင့်စပ်လျဉ်း၍ ကျင့်စဉ်ဆိုင် ရာများကို လေ့လာစုဆောင်း ကျင့်ကြံပွားများ၊ အချို့ ကို မိမိကဲ့သို့ ကျင့်ကြံအားထုတ်လိုသူများအတွက် ပြန်လည်ဝေငှခြင်းနှင့် အချို့ကို စာအုပ်အဖြစ် ပြုစု ထုတ်ဝေခြင်းအစဉ်လည်း ရှိခဲ့ခြင်းကြောင့် အကူအညီ တောင်းလာကြခြင်း ဖြစ်ပါသည်။

သရဏဂုံကျင့်စဉ်

ဖော်ပြပါ သရဏဂုံကျင့်စဉ်သည် ကျေးဇူးရှင် အရှင်ဇေယျသိဒ္ဓိဓမ္မဉာဏိက ရွေပေါ်ကျွန်းဆရာတော် ကြီး၏ ဝေနေယျအများအား ချီးမြှင့်သည့်ကျင့်စဉ်များ ထဲတွင် ‘အောင်မြင်မှုများစွာကို ပေးနိုင်သော’ ကျင့် စဉ်ထူးတစ်ရပ် ဖြစ်ပါသည်။

ဤသရဏဂုံသည် ဗုဒ္ဓဘာသာဝင်များစွာ အတွက် ‘မခက်ခဲသော’၊ ‘သိမှတ်နားလည်လွယ် ပြီးသော’ကျင့်စဉ်လည်း ဖြစ်သဖြင့် ‘‘ဒါလေးများ’’ ဟု ပေါ့ပေါ့ဆဆ မမှတ်သင့်ပါ။ ဤသရဏဂုံသည် ကလေးလူကြီး သိပြီးမှတ်ပြီး အလွတ်ရပြီးလည်း ဖြစ်ကြပါသည်။ အထူး ဖတ်မှတ်စရာမလိုဘဲ အလွတ် ရပြီးဖြစ်နေလောက်အောင် ‘‘နားယဉ်’’ပြီး ဆိုပြီး မှတ်ပြီးဖြစ်နေကြပါလိမ့်မည်။

သို့သော် ကလေးသူငယ်များအဖို့ အလွတ် ရွတ်ဆိုပြီးနိုင်သော်လည်း လူကြီးများအဖို့ ‘‘ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ’’ဆိုလျှင် မြတ်စွာဘုရား၏ဂုဏ်တော် ကိုပါ ပူးတွဲပြီး အနက်အဓိပ္ပာယ်နှင့်တကွ သဘော ပွင့်လင်း ဉာဏ်မြင်ရှင်းအောင် ဉာဏ်ဝင်စားပြီး ဖြစ် ရပါမည်။

ထို့အတူ ‘‘ဓမ္မံသရဏံ ဂစ္ဆာမိ’’မှာလည်း တရားဂုဏ်တော်ကို ဉာဏ်ပေါ်ပွင့်လင်းအောင် သိရန် လိုအပ်ပါသည်။ ထို့ပြင် ‘‘သံဃံသရဏံဂစ္ဆာမိ’’ကို လည်း ‘‘သံဃဂုဏ်တော်’’ကို လေ့လာမှတ်သားပြီး လျက် အဓိပ္ပာယ်ကို မိမိ၏ဉာဏ်ရှိသလောက် အာရုံ ဝင်စားပြီး ပုတီးစိပ်ပါ။ အဓိပ္ပာယ်အား သိသိနေရုံ ဉာဏ်ဖြင့် ပူဇော်လျက် ပုတီးတစ်လုံးလျှင် ‘‘ဗုဒ္ဓံ သရဏံဂစ္ဆာမိ’’ တစ်ခေါက်အားဖြင့် ‘‘ဗုဒ္ဓံသရဏံ ဂစ္ဆာမိ’’၊ ပုတီးတစ်လုံး၊ ‘‘ဓမ္မံသရဏံဂစ္ဆာမိ’’ ပုတီး တစ်လုံး၊ ‘‘သံဃံ သရဏံဂစ္ဆာမိ’’ ပုတီးတစ်လုံးစီ တစ်ပတ်တစ်ပတ်အားဖြင့် ဗုဒ္ဓံသရဏံဂစ္ဆာမိ သုံးပတ်၊ ဓမ္မံသရဏံဂစ္ဆာမိ သုံးပတ်၊ သံဃံသရဏံဂစ္ဆာမိ သုံးပတ်တို့အား ပေါင်း ကိုးပတ်အပြင် ‘‘ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံဂစ္ဆာမိ၊ သံဃံသရဏံဂစ္ဆာမိ’ဟု သုံးမျိုးပေါင်း ပုတီးတစ်လုံးစီ တစ်ပတ်ရအောင်စိပ်က စုစုပေါင်း ပုတီးဆယ်ပတ် ဖြစ်ကြောင်း မူရင်း ကျင့်စဉ်ညွန်းမှာပင် ပါပြီးဖြစ်ပါသည်။ ထပ်မံတင်ပြရ ခြင်းသည် ဗုဒ္ဓဂုဏ်၊ ဓမ္မဂုဏ်၊ သံဃဂုဏ်တော်တို့အား အာရုံသိထား ရည်စူးပူဇော်ရန် လိုအပ်ခြင်းအပေါ် ထပ်မံတင်ပြရခြင်းသာတည်း။

ဤသို့ အဓိပ္ပာယ်နှင့်တကွ သရဏဂုံရွတ်ဖတ် ပူဇော်နည်းကို မှတ်သားနိုင်လောက်သော သားငယ် သမီးငယ်များကိုပါ အလေ့အကျင့် လုပ်ပေးပါက အတိုင်းထက်အလွန် တံခွန်နှင့်ကုက္ကားပင် ဖြစ်ပါတော့ သည်။

ဤသရဏဂုံကျင့်စဉ်သည် ဘေးအတန်တန် ရန်အသွယ်သွယ် အန္တရာယ်အဝဝကို ကျော်လွန်နိုင် ပြီး အခက်အခဲ အကျပ်အတည်းမှ ကျော်လွန်နိုင် သော ကျင့်စဉ်တော်ကြီးဖြစ်ပါသည်။

ပုတီးစိပ်ပြီးတိုင်း ၁ဝ၈ ခေါက်ရွတ်ဆိုရမည့် ‘‘နမောတေ မာရဝိဇယ’’ဂါထာကိုမူ ကလေးလူကြီး ကျက်မှတ်လွယ်သဖြင့် အဓိပ္ပာယ်ကိုသိစေပြီး အခါ အားလျော်စွာ ရွတ်ဆိုလေ့ရှိပါက မိမိတို့၏ကလေး သူငယ်များ၏ အမှတ်မထင်ဖြစ်ပေါ်လေ့ရှိတတ်သော ‘‘ကုန်းသွား ကုန်းဘေး၊ ရေသွား ရေဘေး’’မှပင် ကာကွယ်ပြီးဖြစ်ကြောင်း ကိုယ်တွေ့ဖြင့် သိနိုင်ကြ ပါမည်။

ဤ‘‘သရဏဂုံ’’ကျင့်စဉ်တွင် ထူးခြားကျင့် စဉ်အဖြစ် အချိုပေါ် သကာလောင်းသေးသော နည်း လမ်းထူးမှာ ဤကျင့်စဉ်မူရင်းအား ဖတ်လျှင်ဖတ်ရင်း တွေ့နိုင်သော ‘‘ဖယောင်းတိုင်’’ထွန်းနည်းပင် ဖြစ် ပါသည်။ တစ်နေ့တစ်တိုင်စီ ကိုးရက်လုံး သုံးကြိမ် ကို မိမိမွေးနံမှစ၍ ၂၇ ရက်တိုင် မပျက်မကွက် ထွန်းညှိပူဇော်ခြင်း၊ ဤ ၂၇ ရက်အဓိဌာန်အား ကိုး ကြိမ်စီ ပုံမှန်အထုံအလေ့ဖြစ်အောင် အဓိဋာန်မပျက် မကွက် ဝင်ခြင်းဖြင့် အဓိဋာန်ပါရမီပါရရှိစေပြီး သိဒ္ဓိ အောင်ပန်းထိ ဆွတ်ခူးနိုင်သည်။ မိမိတို့၏ အလုပ် အကိုင်များမှ ကောင်းကျိုးပြည့်ဝစေ၏။ ရာထူးနေရာ ပုံမှန်ရစေခြင်း၊ အပျက်အစီးကို ကျော်လွန်နိုင်ခြင်း စသည့် လူသားတိုင်း ရရှိအပ်သည့် ကိုယ်၏ကျန်း မာရေး၊ စိတ်၏ချမ်းသာရေးကိုပါ သတိရှိရှိ အသိ ဉာဏ်ပွင့်လင်းကာ ပြည့်ဝနိုင်ကြောင်း တိုက်တွန်းတင်ပြပါကြောင်း ...။

ဇေယျသော်

Share