‘‘မင်္ဂလာပါ ဆရာ ... ...’’

‘‘မင်္ဂလာပါ ...’’

‘‘ဒီနေ့ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းရဲ့ (၁ဝ)ရက်မြောက်နေ့ဖြစ်တယ်။ ဒီနေ့မှာ ပထမဆုံး ရှင်းပြချင်တဲ့ ခေါင်းစဉ်က ‘တရားတော်အနှစ်ချုပ်’ လို့ အမည်ပေးထားတယ်။ ခေါင်းစဉ်က ဘာလဲ’’

‘‘တရားတော် အနှစ်ချုပ်ပါ ...’’

‘‘ဗုဒ္ဓဘုရားရှင်က မဟာသက္ကရာဇ် ၁ဝ၃ ခု ကဆုန်လပြည့်နေ့မှာ ဘုရားဖြစ်တော်မူတယ်။ ၄၅ ဝါပတ်လုံး နေ့မအား ညမလား ခန္ဓာကိုယ်ကို အနားမပေးဘဲ လူနတ်ဗြဟ္မာတွေကို တရားဟော တော်မူတယ်။ ဘုရားရှင် ဟောခဲ့တဲ့ တရားတော် တွေက ပိဋကတ် သုံးပုံ၊ ဓမ္မခန္ဓာပေါင်း ၈၄,ဝဝဝ ရှိတယ်။ ဒါတွေကို ကလေးတို့ လေ့လာဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ တရားတော်တွေရဲ့ အရေး ကြီးတဲ့ အချက်အလက်တွေ အနှစ်သာရတွေကို ရှာ ဖွေပြီး ပြောပြမှာဖြစ်တယ်။ ဒီဗုဒ္ဓတရားတော်၏ အနှစ်ချုပ်ကို သိထားရင် လုံလောက်ပါပြီကွယ်။ ဒါ ကြောင့် ဂရုစိုက်နားထောင်ကြပါကွယ်၊ တရားတော် တွေ အများကြီးထဲက အနှစ်ချုပ်လိုက်တော့ -

၁။ သစ္စာ လေးပါး

၂။ မဂ္ဂင် ရှစ်ပါး

၃။ သိက္ခာ သုံးပါး

၄။ သတိတရား တစ်ပါး

ခေါင်းစဉ်လေးတွေကို ပြောကြည့်ပါဦး ...’’

‘‘(သစ္စာ လေးပါး၊ မဂ္ဂင် ရှစ်ပါး၊ သိက္ခာသုံး ပါး၊ သတိတရား တစ်ပါး)၃  ...’’

‘‘ဒီထက် အလွယ်မှတ်ချင်ရင်တော့ (၄၊ ၈၊ ၃၊ ၁) ...’’

‘‘ဂဏန်းလေးလုံးကို မှတ်လိုက်ပါ။ ဘာလဲ ဆိုပါဦး ...’’

‘‘(၄၊ ၈၊ ၃၊ ၁)၃ ...’’

‘‘ဒီဂဏန်းတွေအလွတ်ရရင်စာနဲ့တွဲလိုက်ပေါ့။

၄ ဆိုတာ= သစ္စာလေးပါး

၈ ဆိုတာ= မဂ္ဂင်ရှစ်ပါး

၃ ဆိုတာ= သိက္ခာသုံးပါး

၁ ဆိုတာ= သတိတရားတစ်ပါး

ဒီလောက်ဆိုရင် အလွတ်ရလောက်ပါပြီ။ ဆက်ပြီးနားလည်အောင် ရှင်းပြမယ်။ ‘သစ္စာ’ဆိုတာ မြန်မာလို မှန်ကန်တာ။ သစ္စာဆိုတာ ဘာလဲ ...’’

‘‘မှန်ကန်ခြင်းပါ ...’’

‘‘ဒီကောင်လေးက သစ္စာရှိတယ်။ ဒီကောင်မ လေးက သစ္စာမရှိဘူးလို့ ပြောတာ ကြားဖူးလား’’

‘‘ကြားဖူးပါတယ် ဆရာ ...’’

‘‘သစ္စာတရားသည် မဖောက်မပြန် အစဉ် မှန်ကန်သောတရား ဖြစ်တယ်။ သစ္စာတရားက ဘယ်က လာတာလဲဆိုတော့ သဘာဝတရားက လာ တာပဲ။ သဘာဝတရားဆိုတာ သူ့အလိုလို  အစဉ်မှန် နေသော တရားပေါ့ကွယ်။ ဥပမာ ငရုပ်သီးက စပ် တယ်။ ကြံက ချိုတယ်။ ကြက်ဟင်းခါးသီးက ခါး တယ်။ ဒါသဘာဝတရားဘဲ။ ငရုပ်သီးကို ကုလား စားလည်း ...’’

‘‘စပ်မှာပါ ...’’

‘‘တရုတ်စားလည်း ...’’

‘‘စပ်မှာပါ ...’’

‘‘မြန်မာ စားလည်း ...’’

‘‘စပ်မှာပါ ...’’

‘‘ဒီစပ်တဲ့ အရသာသည် လူမျိုးနဲ့ဆိုင်တာ လား။ သဘာဝတရားနဲ့ ဆိုင်တာလား ...’’

‘‘သဘာဝတရားနဲ့ ဆိုင်ပါတယ် ...’’

‘‘ဟုတ်ပြီ ... ငရုပ်သီးကို မြန်မာပြည်မှာပဲ စပ်ပြီး ဂျပန်ရောက်တော့ရော စပ်သေးလား ...’’

‘‘စပ်ပါတယ် ဆရာ ...’’

‘‘အမေရိကန် မှာရော ...’’

‘‘စပ်ပါတယ် ဆရာ ...’’

‘‘ငရုပ်သီးရဲ့ စပ်တဲ့အရသာဟာ နေရာဒေသ နဲ့ မဆိုင်ဘူး။ သဘာဝတရားနဲ့ဆိုင်တာ။ နားလည် သလား ...’’

‘‘နားလည်ပါတယ် ဆရာ ...’’

‘‘နောက် ငရုပ်သီးကို ဒီနေ့ စားလို့ပဲစပ်ပြီး မနက်ဖြန်မှ စားရင်ကော စပ်သေးလား ...’’

‘‘စပ်ပါတယ် ...’’

‘‘နောက်တစ်နှစ်ကြားထားရင်ရော စပ်သေး သလား ...’’

‘‘စပ်ပါတယ် ဆရာ ...’’

‘‘ငရုပ်သီးရဲ့ စပ်ခြင်း အရသာဟာ ကာလနဲ့ လည်း မဆိုင်ဘူး။ သဘာဝတရားနဲ့ ဆိုင်တာ။ ဗုဒ္ဓဘာသာ စားရင်ရော ...’’

‘‘စပ်ပါတယ် ...’’

‘‘ခရစ်ယာန်စားရင်ရော ...’’

‘‘စပ်ပါတယ် ...’’

‘‘အစ္စလာမ်စားရင်ရော ...’’

‘‘စပ်ပါတယ် ...’’

‘‘ဒါဆို ငရုပ်သီးရဲ့စပ်ခြင်းအရသာဟာ ဘာ သာတရားနဲ့လည်း မဆိုင်ဘူး။ သဘာဝတရားနဲ့ ဆိုင်တာ ...’’

‘‘နားလည်ပါပြီ ဆရာ ...’’

‘‘သဘာဝတရားထဲက အရသာတွေဟာ အမြဲ မှန်နေတယ်။ သူတို့ရဲ့ အစွမ်းသတ္တိက -

၁။ လူမျိုးမရွေး

၂။ နေရာမရွေး

၃။ အချိန်မရွေး

၄။ ဘာသာမရွေး

မှန်ကန်နေတယ်။ ဒီလိုမှ မဟုတ်ဘဲ ဒီအမှန် တရားက ဗုဒ္ဓဘာသာမှပဲ မှန်တယ်။ အခြားဘာသာ က မှားတယ်ဆိုရင် သစ္စာတရား မဟုတ်ဘူး။ ဒီ အမှန်တရားက မြန်မာပြည်မှာပဲ မှန်တယ်။ အခြား နိုင်ငံမှာ မမှန်ဘူးဆိုရင်လည်း သစ္စာတရားမဟုတ်ဘူး။ ဗုဒ္ဓပွင့်တဲ့အချိန်ပဲ မှန်တာ၊ သာသနာ‘ပ’မှာ မမှန်ဘူး ဆိုရင် သစ္စာတရား မဟုတ်ဘူး။ ဒီလောက်ဆိုရင် ‘သစ္စာ’ဆိုတဲ့ ဝေါဟာရကို သိလောက်ပါပြီ။ သစ္စာက လေးပါး ရှိတယ်။ အမြဲမှန်တဲ့ တရား လေးပါးရှိတယ်။

၁။ ဒုက္ခသစ္စာ

၂။ သမုဒယသစ္စာ

၃။ နိရောဓသစ္စာ

၄။ မဂ္ဂသစ္စာ

ကလေးတို့ရေ ... နောက်တစ်ခါလိုက်ဆို ပါဦး၊ သုံးခေါက်လောက်။ ဒီပါဠိတွေက ဗုဒ္ဓဘာသာ မှန်ရင် သိနေရမှာ၊ ယဉ်ပါးနေရမှာ ထပ်ဆိုပါဦး’’

‘‘(ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ။ မဂ္ဂသစ္စာ)၃ ...’’

‘‘၁။ ဒုက္ခဆိုတာ ဆင်းရဲတာ၊ သစ္စာက မှန်တယ်။

ဒုက္ခသစ္စာဆိုတာ ဆင်းရဲတာ အမှန်တရား

၂။ သမုဒယ ဆိုတာ ဆင်းရဲခြင်းအကြောင်း သစ္စာက မှန်တာ။

သမုဒယသစ္စာဆိုတာ ဆင်းရဲခြင်းအကြောင်း အမှန် တရား

၃။ နိရောဓဆိုတာ အေးငြိမ်းတာ သစ္စာက မှန်တာ။

နိရောဓသစ္စာဆိုတာ အေးငြိမ်းတဲ့ အမှန်တရား

၄။ မဂ္ဂဆိုတာ လမ်း၊ သစ္စာက မှန်တာ။

မဂ္ဂသစ္စာဆိုတာ မှန်ကန်သောလမ်း။

အပေါ်သစ္စာနှစ်ပါးကို အညံ့သစ္စာနှစ်ပါးလို့ ခေါ်ပြီး၊ အောက်သစ္စာနှစ်ပါးက အမြတ်သစ္စာနှစ်ပါး လို့ ခေါ်တာ။ ဘာလို့ အညံ့သစ္စာနှစ်ပါးလို့ ခေါ်သလဲ ဆိုတော့ ဆင်းရဲလို့။ အောက်သစ္စာနှစ်ပါးကို အမြတ် သစ္စာလို့ ခေါ်ရတာက ချမ်းသာလို့။ အပေါ်သစ္စာ နှစ်ပါးကို အရင်ရှင်းပြမယ်။ ဒုက္ခသစ္စာဆိုတာ ဆင်းရဲ တာမှန်လို့ ခေါ်တာ။ ဘာကြောင့် ဆင်းရဲတာလဲ ဆိုတော့ ခန္ဓာရလို့ ဆင်းရဲတာ။ ခန္ဓာရှိတဲ့သူအားလုံး ဆင်းရဲရမှာပဲ။ လူကို ဥပမာအနေနဲ့မြင်အောင် ရှင်းပြ မယ် ...’’

‘‘ချမ်းသာတဲ့လူလည်း ဆင်းရဲတာပဲ။ မွဲတဲ့လူ လည်း ဆင်းရဲတာပဲ။ ဘာလို့ဆင်းရဲတာလဲဆိုတော့ ခန္ဓာရှိလို့ ဆင်းရဲတာ။ ဒီခန္ဓာက ရေချိုးပေးပါဦးဆိုရင် ချိုးပေးရတာ။ မချိုးပေးလို့ ရသလား ...’’

‘‘မရပါဘူး ...’’

‘‘ရေမချိုးရင် နံစော်ကုန်မှာပေါ့။ ခန္ဓာက အဝတ်ဝတ်ပေးပါဦး။ ထမင်းကျွေးပါဦး။ မုန့်လည်း ကျွေးပါဦး။ ရေငတ်တယ် ရေသောက်ချင်တယ် ပြော ရင် ရေတိုက်ရတယ်။ အိပ်ချင်တယ်ဆိုလည်း အိပ် ပေးရတာပဲ။ အီးအီးပါချင်တယ်။ ရှူးရှူးပေါက်ချင် တယ် ပြောရင် အောင့်ထားလို့ ရသလား ...’’

‘‘မရပါဘူး ...’’

‘‘ခန္ဓာခိုင်းသမျှ ခန္ဓာအလိုကျ လုပ်ပေးရ တာကပဲ။ အိပ်ရင် ဇိမ်ရှိသလား။ မရှိဘူး။ ပက်လက် လှန်နေရင်းက ညောင်းလာရင် ဘေးစောင်းပေးရ တယ် ...၊ အိပ်ပြီး အမြဲနေလို့ရသလား ...’’

‘‘မရပါဘူး ...’’

‘‘ကြာလာတော့ ထရတယ်၊ မျက်နှာသစ်ရ တယ်၊ ထမင်းစားရတယ်၊ လမ်းလျှောက်ရတယ်၊ ထိုင်ရတယ်၊ အိပ်ရာထပြီး အိပ်ရာဝင်တဲ့အထိ ခန္ဓာက ခိုင်းသမျှ မညည်းမညူ လုပ်မပေးရဘူးလား ...’’

‘‘လုပ်ပေးရပါတယ် ...’’

‘‘ဒါဆိုရင် ခန္ဓာက သုခလား၊ ဒုက္ခလား’’

‘‘ဒုက္ခပါ ဆရာ ...’’

‘‘ဒီဒုက္ခဆိုတဲ့ အမှန်တရားဟာ ခန္ဓာရတဲ့ လူမျိုးတိုင်း ဖြစ်မှာပဲ။ ဘာသာနဲ့မဆိုင်ဘူး။ လူမျိုးနဲ့ မဆိုင်ဘူး။ နေရာနဲ့ မဆိုင်ဘူး။ ခန္ဓာရတဲ့သူတိုင်း ဆင်းရဲတာကို ခံစားရမှာပဲ။ ရှင်းပြီလား ...’’

‘‘ရှင်းပါပြီ ...’’

‘‘ဒုက္ခသစ္စာကို နားလည်ရင် ဒုက္ခဖြစ် ကြောင်း တရားကို နားလည်ရမယ်။ ဒုက္ခ ဘာကြောင့် ဖြစ်ရတာလဲဆိုရင် သမုဒယသစ္စာကြောင့် ရတာ။ သမုဒယသံယောဇဉ် ဆိုပြီး ပြောကြတယ်။ တွယ် တာခြင်း၊ တပ်မက်ခြင်း၊ စွဲလမ်းခြင်း၊ လိုချင်ခြင်းစတဲ့ အဓိပ္ပာယ်တွေ့ရတယ်။ သမုဒယကို ထင်ပေါ်စေတဲ့ ဥပမာတွေနဲ့ ရှင်းပြပေးမယ်။ ကလေးတို့ရေ ... ယောကျ်ားက မိန်းမကို နှစ်သက်တယ်။ မိန်းကလေး က ယောကျ်ားလေးကို နှစ်သက်တယ်။ လင်မယား အဖြစ် ပေါင်းသင်းတာက သမုဒယဆိုတဲ့ သံယောဇဉ် ကြိုးကြောင့်ပေါ့ကွယ်။ သားသားလေး မွေးတယ်။ မီးမီးလေး မွေးတယ်။ ကိုယ်မွေးတာဆိုတော့ မချစ် ဘူးလား ...’’

‘‘ချစ်ပါတယ် ...’’

‘‘မိဘက ရင်သွေးအပေါ်မှာထားတာက သံ ယောဇဉ်၊ ခင်မင်မှု၊ စွဲလမ်းမှုပေါ့ကွယ်။ တခြား အိမ်က ကလေးငိုတယ်။ ဘာလို့ ငိုတာလဲ။ အမေ လုပ်တဲ့သူက နို့မတိုက်ဘူးလား။ ကြာကြာ ငိုသံကြား တော့ နားငြီးလာတယ်။ ငိုသံ မကြားချင်ဘူး။ ဟော့ ကိုယ်သားလေးငိုပြီဆိုရင် ရင်မှာ လာထိတယ် ...၊ ဘာလို့ငိုတာလဲ ...၊ စိုးရိမ်လာတယ်။ သေးတွေ ပေါက်ချတယ် ...၊ အီးအီးတွေပါတယ် ...၊ ဒေါသ ဖြစ်သလား ...’’

‘‘မဖြစ်ပါဘူး ...’’

‘‘မိဘလုပ်တဲ့သူက မငြူစူပါဘူး။ ရင်သွေး လေး ပြုသမျှ ဒုက္ခလို့ မထင်ဘူး။ သုခလို့ ထင်နေ တာ။ ဘာကွာလို့လဲ ဆိုတော့ ‘သမုဒယ’ဆိုတဲ့ စွဲလမ်း တာ ကွာတာ။ သူများကလေးဆိုတော့ သိမ်မစွဲဘူး။ ကိုယ့်ကလေးမှ စွဲတာ။ ဘာလဲ ‘သမုဒယ’ပဲ။ အီအီး လျှော်ရတဲ့ဒုက္ခ၊ ဆေးကုရတဲ့ဒုက္ခ၊ ကျွေးမွေးပြုစုရတဲ့ ဒုက္ခ၊ မှတ် ခြင် ယင်တွေ မနားအောင် စောင့်ရှောက် ရတဲ့ဒုက္ခဟာ တစ်ရက်တည်း မဟုတ်ဘူး။ တစ်လ တည်း မဟုတ်ဘူး။ နှစ်ကာလကြာအောင် မညည်း မညူ လုပ်ပေးနေရတဲ့ ဒုက္ခတွေကို ဘယ်ကလာ တာလဲ သိကြပြီလား ...’’

‘‘သမုဒယက လာတာပါ ...’’

‘‘ဒါကြောင့် သမုဒယလုပ်လိုက် ဒုက္ခဖြစ် လိုက်၊ သမုဒယလုပ်လိုက် ဒုက္ခဖြစ်လိုက် ဖြစ်နေကြ တာ။ လူတွေက ဒုက္ခလို့ မမြင်ဘူး။ ပျော်နေကြတာ၊ မေ့နေကြတာ၊ မျောနေကြတာ၊ ဒီသံယောဇဉ် ဆိုတဲ့ သမုဒယကိုဖြတ်ရင် ဒုက္ခသေတယ်။ ဒုက္ခသေရင် နိဗ္ဗာန်ပေါ့ကွယ်။

ဒါဆို ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာကို နား လည်ပြီလို့ ထင်တယ်။ နောက်သစ္စာနှစ်ပါးကို ဆက် သွားရအောင်။ နောက်သစ္စာနှစ်ပါးက အေးငြိမ်းတဲ့ သစ္စာပဲ။ အေးငြိမ်းတယ်ဆိုတာ ‘နိဗ္ဗာချမ်းသာ’ကို ပြောတာ။ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုကြသူ တိုင်း အေးငြိမ်းတဲ့သဘောကို ဆိုက်နေကြတာပဲ။ ဒီအေးငြိမ်းတာကို ‘နိရောဓသစ္စာ’လို့ ခေါ်တာ။ နိဗ္ဗာန် ဆိုတာ အရှိတရား အမှန်တကယ်ရှိတဲ့ တရား။ နိဗ္ဗာန် ကို ရောက်ချင်ရင် သွားရမယ့် လမ်းရှိတယ်။ ဒီလမ်း ကိုတော့ နိဗ္ဗာန်သွားတဲ့လမ်းလို့ ခေါ်တယ်။ ပါဠိလို ‘မဂ္ဂသစ္စာ’ပေါ့ကွယ်။ မဂ္ဂင်ရှစ်ပါးလမ်းစဉ်ကို ကျင့်ကြံ ကြိုးကုတ်အားထုတ်ရင် ဒုက္ခငြိမ်းပြီး နိဗ္ဗာန်ရောက် မှာပဲ ...’’

‘‘ဒါက ကျယ်ပြန့်တယ်။ ဒီသဘောလောက် သိရင် သားတို့ သမီးတို့ အရွယ်ဆိုရင် လုံလောက် ပြီကွယ်။ သစ္စာလေးပါးရှိတယ်။ ဆင်းရဲတဲ့သစ္စာ နှစ် ပါး၊ အေးငြိမ်းတဲ့သစ္စာက နှစ်ပါး၊ ဟုတ်ပြီ ...’’

‘‘ဆင်းရဲတဲ့ သစ္စာနှစ်ပါးက ...’’

‘‘ဒုက္ခသစ္စာ၊ သမုဒယသစ္စာ ...’’

‘‘အေးငြိမ်းတဲ့ သစ္စာက ...’’

‘‘နိရောဓသစ္စာ၊ မဂ္ဂသစ္စာ ...’’

‘‘သစ္စာလေးပါး သင်ပြီးရင် မဂ္ဂင်ရှစ်ပါးကို ဆက်ပြောမယ်။ ပါဠိလိုဆိုရင် ကလေးတို့ နားလည် မှာ မဟုတ်ဘူး။ ကလေးတို့နဲ့ သင့်တော်တဲ့ ဝေါဟာရ တွေနဲ့ အရသင်ပေးမယ်။ တစ်ထိုင်တည်းနဲ့ အလွတ် ရသွားစေရမယ်။ မဂ္ဂင်ဆိုတာ လမ်းကို ဆိုတယ်။ လမ်းက ရှစ်လမ်းရှိတယ်။ အုပ်စုပြောရင် သုံးအုပ်စု ရတယ်။ အုပ်စုက ဘယ်လောက်လဲ ...’’

‘‘သုံးအုပ်စုပါ ...’’

‘‘သီလ၊ သမာဓိ၊ ပညာ ဆိုပြီး သုံးအုပ်စု ရှိတယ်။ ပြောကြည့်ပါဦး ...’’

‘‘(သီလ၊ သမာဓိ၊ ပညာ)၃ ...’’

‘‘ဒါအလွတ်ရရင် ဆက်ပြောမယ်။ သီလမှာ (ပြော၊ ပြု၊ မွေး)၊ သမာဓိမှာ (ဝီ၊ တိ၊ ဓိ)၊ ပညာမှာ (နား၊ တွေး) ဆိုပြီး အတိုကောက်နဲ့ မှတ်ကြရအောင် လိုက်ဆို ... ...’’

‘‘သီလဆိုတာ - ပြော၊ ပြု၊ မွေး

သမာဓိ ဆိုတာ - ဝီ၊ တိ၊ ဓိ

ပညာ ဆိုတာ - နား၊ တွေး

အလွတ်ရအောင် သုံးခေါက်လောက် ဆို လိုက်၊ ဟုတ်ပြီ မဂ္ဂင်ရှစ်ပါးဆိုတာ တခြား မဟုတ် ပါဘူး။ အတိုကောက် (ပြော၊ ပြု၊ မွေး၊ ဝီ၊ တိ၊ ဓိ၊ နား၊ တွေး)ဆိုတဲ့ ရှစ်လုံးကို အလွတ်ရရင် မဂ္ဂင်ရှစ်ပါး ရပြီပေါ့ ...’’

‘‘အတို ရှစ်ခုရရင်အရှည်ရှင်းပြမယ်။ နောက် က လိုက်ပြောပါ။

ပြော ဆိုတာ = မှန်ကန်စွာ ပြောရမည်။

ပြု ဆိုတာ = မှန်ကန်စွာ ပြုလုပ်ရမည်။

မွေး ဆိုတာ = မှန်ကန်စွာ အသက်မွေးရ မည်။

ဝီ ဆိုတာ = မှန်ကန်စွာ ဝီရိယစိုက်မည်။

တိ ဆိုတာ = မှန်ကန်စွာ သတိကပ်ရမည်။

ဓိ ဆိုတာ = မှန်ကန်စွာ သမာဓိကပ်ရမည်။

နား ဆိုတာ = မှန်ကန်စွာ နားလည်ရမည်။

တွေး ဆိုတာ = မှန်ကန်စွာ တွေးခေါ်ရမည်။

ဒါဆိုရင် မဂ္ဂင်ရှစ်ပါးကို နားလည်သွားပြီ။ နိဗ္ဗာန်ကို ဒီရှစ်မျိုးနဲ့ သွားရမှာ ဒီရှစ်မျိုးပြည့်စုံရင် နိဗ္ဗာန်ရောက်မှာပဲ။ ဒါကိုတော့ တရားအားထုတ်တဲ့ ယောဂီတွေကို အသေးစိတ်ရှင်းပြရမှာ။ ကလေးတို့ အေနနဲ့ ဒီလောက်သိရင် ကျေနပ်ပါပြီ ...’’

အဏ္ဏဝါလှိုင်း

Share