သခင်မများ (၁)

တိဗက် ကုန်းမြင့်

မိုးကြိုး စိန်သွား လမ်းစဉ် (Vijrayana) ဂန္ဓာရီ လောကသည် လခြမ်းကွေးပမာ ရှည်လျားစွာ ဖြန့်ကျက် တည်ရှိသော ဟိမဝန္တာ တောင်တန်းကြီး နှင့် မြောက်ဘက်အစွန်းက ခွန်းလွန် တောင်တန်းကြီး အကြားက တိဗက်ကုန်းမြင့်ဒေသ တစ်လွားတွင် ဗဟိုပြု တည်ရှိသည်။

မိုးကြိုးစိန်သွား လမ်းစဉ် ဂန္ဓာရီ လောကထဲမှ သခင်/သခင်မများသည်လည်း တိဗက် ကုန်းမြင့်ဒေသမှာပင် အဓိကအားဖြင့် နန်းရိပ်ခိုကာ စံပျော်ကြသည်။

တကယ်တော့ မိုးကြိုး စိန်သွား သခင်/ သခင်မများ၏ မဟာ မော်ကွန်းလင်္ကာများက လွန်စွာ ပင် ရှေးကျလှသည်။ အချို့က ဗုဒ္ဓဘာသာ မပေါ် ထွန်းမီကတည်းက ဘွန်ရိုးရာ အစဉ်အလာ နှုတ်ပြော ဒဏာရီများအဖြစ် ရှိနှင့်ခဲ့ကြသည်။ ဗုဒ္ဓဘာသာ ပွင့်လန်း ပေါ်ထွန်းလာခြင်းနှင့်အတူ သခင် သခင်မ အချို့ ဆက်လက် ပေါ်ပေါက်ဖို့အတွက် အခွင့်သာ သွားခဲ့လေသည်။

ဆိုင်ရာ ပိုင်ရာ အလိုက်

သခင် သခင်မ အချို့က ဘုရားငယ်များ အသွင် အထူးအထွတ်အမြတ် ထားခံရသည်။ အချို့ က နတ်ဗြဟ္မာပမာ ဖြစ်သည်။ အချို့က နတ်ဘီလူး၊ နတ်နဂါး၊ ဂဠုန်၊ ဂုမ္ဘာန်များ ဖြစ်ကြပြီး အချို့က နာနာဘာဝ ဝိဉာဏလောကထဲမှာ ရှိနေသည်။ စိန္တာမဏိ ရတနာ၊ သက်တံ ကာယ၊ နှင်းခြင်္သေ့၊ ဝါယောမြင်းတို့လို အဆန်းတကြယ်တွေလည်း ရှိ ကြသည်။ အချို့ကို လက်ဆုတ် လက်ကိုင် ပြောပြ နိုင်သော်လည်း အချို့က အနှစ်သာရ သဘောသာ ဖြစ်သည်။ အချို့ကျတော့ ပါရမီ လမ်းစဉ်၏ ဂုရု ဆရာသခင်များ ဖြစ်ကြသည်။ မည်သို့ပင်ဖြစ်စေ အားလုံးကို ယုံကြည် လေးမြတ်စွာ ကိုးကွယ် အားထား ကြသည်။ ဆိုင်ရာပိုင်ရာအလိုက် ဓလေ့ ထုံးစံများနှင့် ကိုက်ညီအောင် ပူဇော်ပသကြလေသည်။

မှိုင်းမ

သခင် သခင်မ တိုင်းမှာ ကိုယ်ပိုင် ဝိသေသ၊ ကိုယ်ပိုင် ကိုယ်ရည်ကိုယ်သွေးနှင့် စရိုက် သဘာဝ များ ပိုင်ဆိုင်ထားကြသည်။ ထိုမှ တစ်ဆင့်တက်ပြီး သူတို့ ကျရာ နေရာ၊ ဆိုင်ရာ အချိန်၊ ဆောင်ရွက် ရမည့် တာဝန်များကို ပြီးမြောက်စေကြသည်။ အား ထုတ် လှုပ်ရှား အဖြစ်အပျက်များ အနေနှင့် တွေ့ရ သည်။ နောက်ဆုံး အချက်တစ်ချက်အဖြစ် မှတ်သား ထားထိုက်သည်က သခင် သခင်မတို့သည် သူတို့ကို အားကိုး အားထား အဓိဌာန်ပြုသူတို့အား ပစ်ပယ် ထားရိုး ထုံးစံမရှိ။ ဝိညာဉ်ပိုင်းမှာ ခွန်အား ဖြည့်တင်း လမ်းညွန် ပြသည်။ ရုပ်လောကမှာ ကြံစည်တိုင်း အောင်မြင်၊ ဆောင်ရွက်တိုင်း ပြီးမြောက်အောင် မှိုင်းမ ပေးတတ်သည်ဟု ယုံကြည်တတ်ကြခြင်း ဖြစ်လေ သည်။

လမ်းပြ

ပါရမီ လမ်းကို လျှောက်လှမ်းသူ၊ ပါရမီ လမ်းစဉ်ကို အားကိုး အားထားပြုသူ တစ်ယောက် တိုင်း အတွက် ယိဒမ်(Yidam) ခေါ် အစောင့် အရှောက် လမ်းပြ သခင်/သခင်မ ကိုယ်စီ ရှိလာ ကြစမြဲ ဖြစ်သည်။ အဆိုပါ စောင့်ရှောက် လမ်းပြသူ သခင်/သခင်မတို့က သူတို့၏ အောက်လက် တပည့် နောက်လိုက်များကို အသိ အာရုံ နိုးကြားလာအောင် ဖွင့်ပေးသည်။ သွားလမ်း လာလမ်း သာရလေအောင် အကာအကွယ် ပေးသည်။ လမ်း ခင်း၊ လှေကား ဆင်၊ တံတားထိုးပေးတတ်ကြသည်။

မြေပုံ

ယခု မိတ်ဆက် ဖြန့်ဝေပေးလိုက်သော ဗဟု သုတများကို လက်တွေ့ ရှင်သန် လျှောက်လှမ်း ရာမှာ ထိရောက်စွာ အသုံးချနိုင်ကြလိမ့်မည်ဟု မျှော်လင့်ပါသည်။ ပထဝီ မြေပုံ တစ်မျိုးပင် ဖြစ်လေ ရာ လက်တွေ့နယ်ပယ်နှင့် တိုက်ဆိုင်ကြည့်ပြီး သွား လာ ခရီးပေါက်ရန် အသုံးဝင်နိုင်ကောင်းပါသည်။ မသိသူ ကျော်သွား၊ သိသူ ဖော်စား ဆိုသကဲ့သို့ စိတ်ဝင်စားသူများအတွက် ဝိညာဉ်နိုးကြားစေဖို့ တတပ်တအား ချောမွေ့အောင် အထောက်အကူ ပေးနိုင်ပါလိမ့်မည်။

နိဒါန်း

ယခုလို နိဒါန်း စကား သွယ်ပျိုးပြီးသည့် နောက် ရှေးဦး ပထမ မိတ်ဆက်ဝေမျှ ပေးလိုသည်မှာ တိဗက် ကုန်းမြင့်ဒေသမှာ မှီတင်းနေထိုင်ကြသူ တိဗက် လူမျိုးတို့ မည်သို့မည်ပုံ ဆင်းသက် ပေါက်ဖွား လာ ကြပါသလဲ ဆိုသည့် အကြောင်း ဖြစ်ပါသည်။

ကမ္ဘာ အစ

တိဗက် ရိုးရာ အစဉ်အလာ မော်ကွန်း လင်္ကာ ဒဏာရီတို့ အဆိုအရ ကမ္ဘာလောကကြီးသည် ရှေးရှေး အဦး အစတုန်းက ကုန်းမြေဟူရွေ့ မရှိ။ ရေပြင်ကျယ်ကြီးအဖြစ် ရေတွေသာလျှင် နေရာ  အနှံ့မှာ ဖုံးလွမ်းနေခဲ့သည်။ အဲသည့်နောက်တော့ တစ်စတစ်စချင်းနှင့် ရေတွေက အခိုးအငွေ့ ဖြစ်သွား ကြလေရာ ကုန်းမြေ ပေါ်ပေါက်လာသည်။ ထိုအချိန် မှစ၍ မှီတင်း နေထိုင်စရာ ရှိလာပြီး သက်ရှိ သတ္တဝါ များ ပေါ်ပေါက် လာခဲ့ကြလေတော့သည်။

လူသားတို့၏ မူလ အစ အဖ မျောက်ကြီး

တိဗက်လူမျိုးများက သူတို့သည် ရှေးဘိုး ဘေးဖြစ်သူ မျောက်ကြီး တစ်ကောင်မှ ဆင်းသက် ပေါက်ဖွားလာခဲ့ခြင်း ဖြစ်သည်ဟု ယုံကြည်ကြသည်။ အဆိုပါ မျောက်ကြီးက သာမညတော့ မဟုတ်ချေ။ အမည် နာမအားဖြင့် ‘‘ဖ-ထရဲလ်ဂျန် ချန်းချွပ် စံပ’’ ဖြစ်သည်။ ‘‘ဖ’’ဆိုတာက ဖခင်၊ ‘‘ဖထရဲလ်ဂျန်’’ က မျောက်အို၊ ‘‘ချန်းချွပ်’’က ဉာဏ် အလင်းပွင့်၊ ‘‘စံပ’’က ရည်ရွယ်ရာ ပန်းတိုင် ဖြစ်သည်။ ‘‘ပန်း တိုင် ပေါက်ရောက် ဉာဏ်အလင်း ပွင့်ပြီးသူ အဖ မျောက်အိုကြီး’’ ဖြစ်ချေသည်။ တကယ်တော့ ဘုရား လောင်း မျောက်မင်းဟုပင် ဆိုရမည်။ 

ဂွန်ဂိုရီ တောင်တော်မြတ်

တိဗက် ကုန်းမြင့်သို့ ‘‘အဖ မျောက်ကြီး’’ ရောက်လာခဲ့ရခြင်းမှာ လူသူ ကင်းဝေး ဆိတ်ငြိမ် ရာတွင် တရားဓမ္မများ ကျင့်ကြံ အားထုတ်ချင်သော ကြောင့်ဖြစ်သည်။ ‘‘အဖ မျောက်ကြီး’’က ဂွန်ဂိုရီ တောင်တော်မြတ်မှာ ခိုလှုံကာ ပါရမီ လမ်းစဉ် စခန်း ဝင်လေသည်။ 

အစိမ်း သရဲမ

တစ်နေ့သောအခါ တရားကျင့်ကြံ အားထုတ် နေစဉ် မကောင်းဆိုးဝါး အစိမ်း သရဲမ တစ်ကောင် ရောက်ရှိ လာပြီး သွေးဆောင် ဖြားယောင်းသည်။ အကယ်စင်စစ် ထိုသရဲမသည် အစိမ်း သရဲမ သက် သက် မဟုတ်။ တန်ခိုးရှင် တာရာ နတ်မယ်တော်ကြီး (ဂျက်ဆွန် ဒိုလမာ)က အသွင် ဆောင်ယူထားခြင်း ဟုလည်း အဆိုရှိသည်။ မဟာ ကရုဏာ၏ သင်္ကေတ၊ ခရီးသွားများကို မှိုင်းမ ကာကွယ် စောင့်ရှောက် တတ်သော မယ်တော်ကြီး ဖြစ်ချေသည်။ 

အကျပ်ကိုင်

သရဲမက ‘‘အဖ မျောက်ကြီး’’ကို သူ၏ အလို ဆန္ဒအတိုင်း မလိုက်လျောလျှင် မိစ္ဆာတစ်ကောင်နှင့် သွားရောက် ပေါင်းဖော်ပြီး နာနာဘာဝ ဖုတ် တစေ္ဆမှင်စာ ပြိတ္တာကောင် ကလေးတွေ မရေမတွက်နိုင် အောင် မွေးဖွားပစ်လိုက်မည်ဟု ခြိမ်းခြောက်သည်။ ထိုသို့ အကျပ်ကိုင်ခံရသောအခါ အဖ မျောက်ကြီး ခမျာ ခက်ဖွယ် ကြုံရရှာလေပြီ။ တစ်ဖက်မှာက မိန်းမ တစ်ယောက်နှင့် ပေါင်းသင်းရမည်ဖြစ်ရာ အဓိဌာန် ပျက်ရမလို ဖြစ်နေသည်။ တစ်ဖက်မှာကလည်း မတော်တဆ မိစ္ဆာကောင်တွေ ပေါက်ဖွား လာကြ ပါက သူ့ပယောဂ မကင်းသလို ဖြစ်ရတော့မည်။ 

ထိမ်းမြားခွင့် ရရှိ

အဲသလို ဒွိဟ သံသယနှင့် မဆုံးဖြတ် တတ်ဘဲရှိနေရာ ဗောဓိသတ္တ ‘‘အဝလောကိတေသွာရ’’ သခင်ကြီးထံ သွားရောက်ပြီး လမ်းညွန်မှု ခံယူသည်။ ‘‘အဝလောကိတေသွာရ’’ ကိုယ်တော်ကြီးက ရှေ့ ရေးကို မျှော်ကြည့်ရာ ကောင်းကျိုးကို မြင်သော ကြောင့် သရဲမနှင့် ထိမ်းမြားခွင့် ပေးလိုက်သည်။

မျောက်ကလေး ခြောက်ကောင်မှ

အကောင် ၅ဝဝ 

ဤသို့ဖြင့် လပေါင်း အတန်ကြာသော အခါ မျောက်ကလေးခြောက်ကောင် မွေးဖွားလာခဲ့ လေသည်။ အဖ မျောက်ကြီးက သူ့ရင်သွေး မျောက် ကလေးတွေကို သစ်တောထဲမှာ နေထိုင်ရင်း ကြီး ပြင်းစေခဲ့လေသည်။ သုံးနှစ်တာ ကာလ အကြာမှာ သွားကြည့်လိုက်သောအခါ မျောက်တွေက အကောင် ရေ ၅ဝဝ ခန့် ဖြစ်နေကြပြီ။ မျောက် သားသမီး မြေးမြစ်တွေက အဖ မျောက်ကြီးကို သစ်တောထဲက သစ်သီးဝလံ ပန်းမန်များအပေါ် မှီခို စားသောက်ရတာ ရိက္ခာ မလုံလောက်ကြောင်း တိုင်တန်း ပြောပြ တောင်းဆို ကြသည်။ သို့ဖြင့် ‘‘အဖ မျောက်ကြီး’’ ခမျာလည်း မဟာ ကရုဏာတော်ရှင် ‘‘အဝလောကိ တေသွာရ’’ သခင်ကြီးထံ ရောက်ရပြန်သည်။

(ဆက်လက်ဖော်ပြပါမည်)

နိုင်ဇော် 

Share