မိန်းမ၏အလိုသို့လိုက်သော သေနကမင်းနှင့် ရဲရင့်သောဆိတ်ဖို
-မောင်ဉာဏ်စိန်-

ဗာရာဏသီပြည်၏ ဘုရင်သေနကမင်းအား နဂါးမင်းကြီးသည် ပူဇော်ကန်တော့သည့်အနေဖြင့် မင်းကြီးတောင့်တနသော ဂါထာ၊ မန္တန်တစ်ခုကို ပေးအပ်လိုက်လေသည်။ ထိုမန္တန်ကို ရွတ်ဆိုလျှင် ပိုးရွ၊ ခြပုံး၊ ဆင်၊ မြင်း၊ ကျွဲ၊ နွားစသော သတ္တဝါ တို့၏ ဘာသာစကား သိရှိနိုင်လေသည်။ သို့ရာတွင် ဘုရင်သေနကအား နဂါးမင်းက အောက်ပါအတိုင်း သတိပေး မှာကြားလိုက်ပေသည်။

“ဤသို့သိလိုသော် ဤမန္တန်ကို သရဇ္စျာယ် လော့။ သူတစ်ပါးတို့အား မပေးမသင်လင့်။ သင်လျှင် မီးပုံသို့ဆင်း၍ သေရလတ္တံ့။ ထို့ကြောင့် သူတစ်ပါး ကို မသင်လေလင့်”
ဤမန္တန်၏ ကျေးဇူးကြောင့် သေနကမင်း သည် တိရစ္ဆာန်တို့၏ ဘာသာစကားကို ကောင်းစွာ သိနားလည်လေတော့သည်။ တင်လဲစက် မုံ့နှစ်တို့ကို ကောက်ပြီးစားကြရင်း ပိုးပုရွက်တို့အချင်းချင်းပြောဆို နေကြသော စကားကို ကြားသိနေသည်။ သားစာ၊ မယားစာရအောင် သယ်ချီကြရန် အချင်းချင်းတိုက် တွန်းနေကြသော ပိုး၊ ပုရွက်တို့၏ ပြောဆိုသံကို နားထောင်ရင်း မင်းကြီးသည် ပြုံးရယ်နေမိသည်။
မင်းကြီးသည် စားတော်ခေါ်ပြီး ပလ္လင်ပေါ် ၌ အိပ်ပျော်ပြီးနောက် နိုးသောအချိန်တွင် ရေချိုးလေ သည်။ ထိုအချိန်တွင် ယင်ဖိုက ယင်မအား -
“အဆွေယင်မ အမြန်လာလော့။ ကာမဂုဏ် ဖြင့် ငါမွေ့လျော်အံ့” ဟု တဏှာပေမစိတ်ဖြင့် လှမ်း ခေါ်လိုက်သည်။ ထိုအခါ ယင်မကလည်း -
“အမောင် ခဏနေပါဦး ...ငါသည်မစင်ပုံ ၌ အုခဲ့သောကြောင့် အနံ့မကောင်းသေး။ မင်းကြီး ရေချိုးပြီးသောအခါ နံ့သာလိမ်းလတ္တံ့။ ထိုနံ့သာရေ ၌ ငါလူးမည်။ ရွှင်မြူးဖွယ်ဖြစ်ပါမှ မင်း၏ကျောကုန်း မှာကပ်၍ လိုအပ်သော အတိုင်း မွေ့လျော်လော့”ဟု ပြောလိုက်လေသည်။ ကာမဂုဏ်၌ ပျော်မွေ့ကြရန် အတွက် ယင်ဖို၊ ယင်မတို့၏အချီအချပြောစကားများ ကို ကြားရသောအခါ သေနကမင်းကြီးသည် သည်း စွာ ရယ်မောမိပြန်သည်။
ညစာ ပွဲတော်တည်သောအခါ ဟင်းလျာ လူး သော ထမင်းလုံးများ၊ ကြမ်းပြင်သို့ ကျလေသည်။  ဤသည်ကို “ငါတို့မင်းအိမ်၌ ထမင်းလှည်းကျိုး သည်။ စားလှည့်ကုန် ယူလှည့်ကုန်”ဟု ကြမ်းပိုး၊ ပုရွက်တို့သည် အဖော်တို့ကို ခေါ်နေကြပြန်သည်။ ကြမ်းပိုး၊ ပုရွက်ဆိတ်တို့၏ ဘာသာစကားကို သိ သောမင်းကြီးမှာ ရယ်နေရပြန်သည်။
မင်းကြီးသည် တစ်ယောက်တည်း ဤသို့ပြံုး ရယ်နေသည်ကို မြင်တွေ့နေရသော မိဖုရားကြီးမှာ အဘယ့်ကြောင့် ပြံုးရယ်သည်ကို သိချင်လာသည်။ မင်းကြီးက မပြောလိုသော်လည်း အဖန်တလဲလဲ မေးလာသောအခါ ယင်ဖို၊ ယင်မ၊ ပိုး၊ ပုရွက်တို့ ပြောဆိုသော စကားများကို ပြန်၍ပြောပြလေသည်။ ထိုအခါ မိဖုရားကြီးက တိရစ္ဆာန်တို့၏ ဘာသာ စကားကိုသိသော မန္တန်ကို ၄င်းအားပေးရန် တောင်း တော့သည်။ မင်းကြီးကလည်း -
“ငါပေး၍မရ။ သင့်ကိုပေးလျှင် ငါသေလိမ့် မည်။ နဂါးမင်းက မှာကြားထားသည်”ဟု ပြန်ပြော လိုက်လေသည်။
မိဖုရားကြီးသည် ဂါထာမန္တန်ကို တောင်း၍ မရသောအခါ မိန်းမတို့၏ မာယာဖြင့် နန်းကျက်သ ရေတိုက်သို့ဝင်၍ အစာငတ်ခံလေသည်။ ဘုရင်ကြီး မှာ မိဖုရားကြီးအား ချစ်ခင်ကြင်နာစိတ်ဖြင့် မိန်းမ တို့၏ အလိုကိုလိုက်၍ ပေးရန်ကြံတော့သည်။ သို့ ရာတွင် အခြားသူများ မကြားရန်အတွက် ဥယျာဉ် တော်အတွင်းသို့သွား၍ မိဖုရားအား ဥယျာဉ်တော်တွင် ပြောကြားရန် သိန္ဓောမင်းကသော ရထားကိုစီး၍ ထွက်ခွာလေတော့သည်။
ထိုအချိန်တွင် သိကြားမင်း၏ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာသည် တင်း၍လာတော့သည်။ ဗာရာ ဏသီမင်း၏အပြုအမူသည် သေဘေးကို တွေ့တော့ မည်ကို တွေးမြင်လာတော့သည်။ ထို့ကြောင့် သုဇာတာ မိဖုရားကိုခေါ်ပြီး ဆိတ်ဖို၊ ဆိတ်မ ဖန်ဆင်း၍ မင်းကြီး စီးလာသော မြင်းရထားရှေ့၌ ရပ်လိုက်သည်။ ဤသို့ ရပ်နေသည်ကို မင်းကြီးသာမြင်၍ အခြားသူများ မမြင်ကြရပေ။ သို့ရာတွင် သိန္ဓော မြင်းကမြင်၍ ဆိတ်ကို အောက်ပါအတိုင်း ပြောလိုက်လေသည်။
“အဆွေဆိတ် အခြေလေးချောင်းရှိသော သတ္တဝါတွင် ဆိတ်သည် သာ၍မိုက်သည်။ ရှက်ထိုက် ကြောက်ထိုက်ပေသည်ကိုမှ မရှက်ကြောက်တတ်။ ရှေးအခါက ငါ ကြားဖူးရုံသာရှိသည်။ ယခုမှာကား မျက်ဝါးထင်ထင်မြင်ရပေပြီ။ ပုန်းကွယ်ရာ၌ ပြုရာ သောကိစ္စကို မင်းနှင့်တကွသော ပရိသတ်အလယ် ၌ပင် သင်တို့ပြုဝံ့ချေသည်”
ထိုအခါ ဆိတ်ဖိုကလည်း အောက်ပါအတိုင်း ပြန်၍ ပြောလိုက်သည်။
“ဟယ် မြင်းမသား ငါတို့မှာကား ကိုယ့်စီးပွား ကို ခံစားရုံသာ။ သင်တို့မှာကား ဗာရာဏသီမင်းသည် မိုက်ခြင်းလွန်၏တကား။ ယင်းသို့ဖြစ်လျက် ငါ့ကို အပြစ်မတင်သင့်။ အဆွေမြင်း သင်တို့မင်းသည် မိန်းမဖျင်း၏အလိုသို့လိုက်သောအားဖြင့်မိမိ၏အသက် ကိုမျှ မထောက်မထား နဂါးပေးသော ဂါထာကို မိဖုရားအား ပေးမည်ဟု ယခုထွက်လာသည်။ ဤ ဂါထာကို မိဖုရားအားပေးပြီးခဲ့လျှင် မင်းကြီးလည်း  မီးပုံသို့ဆင်း၍ သေရတော့မည်။ သို့ဖြစ်လျက် အသက်ကို မနှမြောဘဲလာခြင်းကြောင့် ဤမင်းထက် မိုက်သောသူ မရှိ”
ထိုစကားကို ကြားသောအခါ သိန္ဓောမြင်း ကိုယ်တိုင်က -
“အဆွေဆိတ် ဤအတိုင်းမှန်လျှင် ဆိုထိုက် ပေ၏”ဟု ဝန်ခံလေသည်။
ထိုအချိန်တွင် ဆိတ်မက နက်လှသော ရေတွင်း၌ ရှိသော မြက်ပင်ကိုမြင်၍ -
“ချစ်လင်ဆိတ်ဖို ထိုမြက်ပင်ကို ကျွနု်ပ်စား ချင်သည်၊ ယူ၍ပေးပါ”ဟု ဆိုလိုက်သည်။ ဆိတ်ဖို ကလည်း -
“ဟယ်ဆိတ်မ ...အသူတရာလောက် အစောက်နက်လှ၏တကား။ ရေတွင်း၌ ရှိသောမြက် ကိုသက်ဆင်း၍ ယူချေလျှင် ဦးခေါင်းပြန်၍လန်ကာ ကျပြီး ငါသေရတော့မည်တကား၊ ငါတည်းသေမူ မသွေမရှောင် ဆင်းရောင်ကောင်းစွ ဆိတ်လင်လှနှင့် ရှင်မ နေရစ်လိမ့်သတည်း။ ထို့ကြောင့် ငါမယူချေ” ဟုဆိုလိုက်သည်။
ဆိတ်မကလည်း “အရှင်ဆိတ်ဖို ဤမြတ်ကို မှ၊ ရအောင်ယူကာ မပေးပါသော် အစာမစားပြီ။ ဤတွင်နေ၍ သေပါတော့အံ့”ဟု မိန်းမ မာယာဖြင့် ပြောဆိုပြန်သည်။ ဆိတ်ဖိုကလည်း -
“အဆွေဆိတ်မ ...ဤရေတွင်းနက်၌ မြက်ကိုမရသောကြောင့် ရှင်မသေလျှင်သေတော် မူ။ ငါ့အသက်မသေရှိရချေမူ။ သင်မှတစ်ပါး ဆိတ်မ  များနှင့် ပျော်ပါးဦးအံ့။ လင့်အသက်ကို မထွက်မလိုက် မိန်းမမိုက်ကို ကြိုက်၍ အဘယ်အကျိုးရှိအံ့နည်း။ မိန်းမအလိုလိုက်၍ သေဖို့ကံသို့ ဝင်မည်လာလေ သော သေနက မင်းကြီးကဲ့သို့ ငါ့ကို သင်မှတ်ထုံ သလော”ဟု ဆိုလိုက်လေသည်။
ထိုသို့ တိရစ္ဆာန်တို့ဆိုကြသော စကားကို မင်း ကြီးကြားလျှင် သတိရလာသည်။ “ဤဆိတ်ဖိုစကား သည် သင့်ပေစွ”ဟုနှလုံးသွင်းလျက် ဥယျာဉ် ကစား ၍သာလျှင် နန်းတော်သို့ ပြန်သွားတော့သည်။ မိဖုရားကြီးအား မန္တန်မပေးတော့ချေ။ မိဖုရားကြီးက အထွေထွေ မာယာများကို ပြုသေးသော်လည်း “သင် သေလိုလျှင် သေတော့ ငါမသေဝံ့ပြီ” ဆို၍သာ တည်တံ့စွာဖြင့် မင်းပြုတော်မူလေသည်။
ထို့ကြောင့် “မင်းတို့သည် အမျိုးမကောင်း သော မိန်းမယောကျာ်းကို အဦးထား၍ သူကောင်း မပြုရာ သူကောင်းပြုက ရှက်ဖွယ်ရ၏ ဟုလည်း ကောင်း သူညင်းပျောင်းသည်ကို စောင်း၍လိုက်က သေပျက်ရ၏ဟူ၍လည်းကောင်း”ရှေးပညာရှိတို့သည် ဆိုရိုးရှိခဲ့ကြပေသည်။ “သက်ကြီးစကား၊ သက်ငယ် ကြား”ဟူသည့်အတိုင်း ရှေးသူဟောင်းတို့၏ ဆုံးမ စကားကို နှောင်းလူတို့ မှတ်သားနာယူနိုင်ကြရန်အ တွက် ရေးသားတင်ပြအပ်ပေသည်။

မောင်ဉာဏ်စိန်
ကျမ်းကိုးစာရင်း
၁။ ဓမ္မာန်ဖတ်စာနှင့် ပုရာဏ်ကျမ်း (ကျီးသဲ လေးထပ်ဆရာတော်)

Share