♦ဝိဇ္ဇာပြောင်

 

****************************

ဝိဇ္ဇာပြောင်တည်းဟူသော အာဂအကျွန်ုပ် သည် မဟာဖွက်ကလိကုန်း ရွာထိပ်ရှိ အမိုးလန်အကာပြဲ မဟာဇရပ်တော်ကြီး၌ ခေတ္တခဏစတည်းချနေစဉ် တစ်ခုသော နေ့လယ် ခင်း၌ဖြစ်လေ၏။

အကျွန်ုပ်သည် ကြီးကြီးငယ်ငယ် အသွယ်သွယ်ဖြင့် တဖွဲဖွဲ ရောက်လာလျက်ရှိကြသော မနုဿနယ်မှ ဒုက္ခသည် အပေါင်းတို့အား တတ် သမျှစွမ်းသမျှ ပညာကုန်သုံးလျက် ကယ်လျက် မပျက်ရှိလေ၏။ 

 

ထိုသောအခိုက်၌ မိန်းမဝ၀ကြီးတစ်ဦးနှင့် မိန်းမပိန်ပိန်ကြီးတစ်ဦးတို့သည် အကျွန်ုပ်ရှိရာ ဇရပ် ပေါ်သို့ တက်နေကြလေ၏။ 

“ကိုင်း ဘာဒုက္ခလဲ ဆို”ဟု အကျွန်ုပ်က ပြောလိုက်လျှင် ဝ၀ကြီးက -

“ဘာဒုက္ခမှတော့ မရှိပါဘူး၊ လမ်းကြုံလို့ ဝင်လာတာပါ၊ ဒါပေမဲ့ အဘပြောင်ဆီက ယတြာ လေး ဘာလေး ရသွားတော့လည်း ကောင်းတာပေါ့ လေ”ဟု ပြောလေ၏။ 

“နေကောင်းထိုင်ကောင်းတဲ့ လူတစ်ယောက် ဟာ ဘာဆေးသောက်ဖို့များ လိုမတုံး ဒေါ်ဝတုတ်ရဲ့”

“နေကောင်းရင်တော့ ဘာဆေးမှသောက် စရာမလိုဘူးလေ အဘပြောင်ရဲ့”

“အေး နင့်ကံကြမ္မာကလည်း နေကောင်းနေ တာပဲဟာ ဘာယတြာလိုမှာတဲ့တုန်း။ မရှည်စမ်းပါနဲ့ ဟယ်”ဟု အကျွန်ုပ်က ပြောလိုက်ရင်း ဗျစ်ခနဲ ကွမ်း တံတွေးတစ်ချက် ထွေးလိုက်၏။ ပြီးလျှင် အနီးရှိ မိတ်အင်ဖွက်ကလိကုန်း ပြောင်းဖူးဖက်ဆေးလိပ် ကြီးကို မီးညှိ၍ကောက်ဖွာနေလိုက်လေ၏။ ထိုအခါ ပိန်ပိန်ကြီးက -

“အမလေး ဝိဇ္ဇာပြောင် ဝိဇ္ဇာပြောင်နဲ့ ကြည် ညိုစရာကောင်းမလားလို့ အောက်မေ့ပါတယ်။ အခု တော့ ကြည့်စမ်းပါဦး အရပ်ကတို့ရေ ... ကွမ်းတ ဗျစ်ဗျစ် ဆေးလိပ်ကြီးတငေါ့ငေါ့နဲ့ မကောင်းတာတွေ တော်တော်လုပ် တာပဲ”ဟူ၍ တည့်တည့်ကြီး ဝေ ဖန်လေတော့၏။

“မကောင်းတာဆိုတာ ဘာကိုပြောတာလဲ ဒေါ်ပိန်တာ ရဲ့ ...”

“ကွမ်းစား၊ ဆေးသောက်၊ အရက်သောက်၊ ဖဲရိုက်၊ လောင်းကစား၊ ဟိုဟာလုပ်ဒီဟာလုပ် အဲဒါ တွေဟာ မကောင်းတာတွေပဲပေါ့ ဝိဇ္ဇာအကောင်း စားကြီးရဲ့”

“သဟာဖြင့် ခင်ဗျားကို တစ်ခုမေးချင်စမ်း တယ်။ ထမင်းစားတာ ရေသောက်တာကော ကောင်း သလား”

“အမလေး ဒါများ မေးနေ ရသေးသလားတော် ...၊ ထမင်းစားတာ ရေသောက်တာကိုများ မကောင်းမှုလို့ သတ်မှတ် ချင်သေးသတဲ့လား ...”ဟု ကက်ကက်လန်အောင် နှုတ်လှန်ထိုးလေတော့၏။

“အိမ်း သလိုဆိုရင် အရက်သောက်တာ၊ ဆေးလိပ်သောက်တာက မကောင်းဘူးပေါ့။ ထမင်း စားတာ ရေသောက်တာကတော့ ကောင်းသောအမှု ပေါ့။ သဟာဖြင့် ခင်ဗျားကို တစ်နေ့တစ်နေ့ ထမင်း အနပ် ခုနစ်ဆယ်ကျွေးမယ်။ ရေဆယ့်ငါးပီပါ တိုက် မယ်။ ဘယ်နှယ်တုန်း”

“အိုး အဲသလိုတော့ ဘယ်ဖြစ်နိုင်ပါ့မတုံး၊ အဲသလောက်ကြီး စားမှသောက်မှဖြင့် သေဖို့ပဲရှိတော့ တာပေါ့”

“ခင်ဗျားကြီးပဲ အခုနကတော့ ကောင်းတဲ့ ကိစ္စဆိုဗျ။ အခု ဘယ့်နှယ့်သေမယ့်ကိစ္စဖြစ်သွားရ ပြန်တာတုန်း”ဟု အကျွန်ုပ်က မေးခွန်းထုတ်လိုက် လေလျှင် ၎င်းင်းပိန်ပိန်ကြီးက - 

“ဒါကတော့ သူ့အတိုင်းအတာနဲ့ သူပေါ့ တော်” ဟု လေပြေလေးထိုး၍ ဆိုလာလေ၏။ သို့ဖြစ် ရာ အကျွန်ုပ်လည်း - 

“ဒီမှာ ဒေါ်ဝ၀ကြီးကော ဒေါ်ပိန်ပိန်လေး တော့ တစ်ခါတည်းမှတ်သွား။ အရက်ဟာ ဆေးဖက် ဝင်တဲ့ နေရာတွေရှိသလို လေးဆယ့်ကိုးရက်မထ စတမ်း ပုတီးထိုင်စိပ်နေမယ်ဆိုရင်လည်း ဘေး အသက်ငင်စရာဖြစ်သွားမယ်။ ဒီတော့ လောကကြီး မှာ အသုံးတည့်ရင်ဆေး၊ အသုံးမတည့်ရင်ဘေးပဲ၊ ကြားဖူးနားဝလေးတွေနဲ့ ဟိုဟာကဲ့ရဲ့ ဒီဟာဝေဖန် မလုပ်ချင်ပါစမ်းပါနဲ့။ ကိုယ့်ဉာဏ်လေးကိုလည်း သုံးဦး ကိုယ့်ဉာဏ်လေးကိုလည်း သုံးဦး”ဟု ဟုကြမ်းပြင်ကို ကွမ်းညှပ်ကြီးဖြင့် တဒုန်းဒုန်းထုရင်း သနားသဖြင့် လျှင် ဆုံးမလိုက်ရပါတော့သတည်း။ ။

 

ယောနိသော မနသီကာယ

သင့်တင့်လျှောက်ပတ်စွာ နှလုံးသွင်းတော်မူနိုင်ကြပါကုန်

 

♦ကျော်ပြောင်♦

Share