ဒီအကြောင်းအရာကို ကျွန်တော် ရေးချင်နေ တာ ကြာခဲ့ပါပြီ ...။ ရေးဖို့ကြိုးစားရင်း အချိန်က မရလိုက် ...

တွေ့ကြုံတွေမှုတွေက ထပ်ဖြစ်လိုက် ... ရေးဖြစ်ဖို့ တွန်းအားတွေ ရလာလိုက်နဲ့ ယခုမှ ရေးဖြစ်လိုက်တာပါ။

ကျွန်တော်ဟာ လက်ရှိပြည်သူ့ဝန်ထမ်း တာဝန်ထမ်းဆောင်လျက်ရှိနေသူပါ။ အကြောင်း အရာကလည်း ဝန်ထမ်းဘဝမှာ တွေ့ကြုံခဲ့မှုတွေပါ။ ကျွန်တော် ငယ်စဉ်ကတည်းက ဘာသာတရား အပေါ်မှာ ဆုံးမသွန်သင်ပြသမှုတွေနဲ့ နီးနီးကပ်ကပ် ကြီးပြင်းလာခဲ့သူပါ။ အနည်းငယ် ပြောရရင် ... မူလတန်းကျောင်းသားအရွယ်ကတည်းက  သြကာသ၊ ငါးပါးသီလ ဘုရားရှိခိုးနဲ့ သမ္ဗုဒေ္ဓဂါထာတော်တို့ကို အဘွားဖြစ်သူ(မိခင်ဘက်မှ)က အစပြု သင်ပေးခဲ့ပါ တယ်။ အလယ်တန်းအရွယ်မှာ ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီးကပ်လှူမှု၊ အမျှအတန်းပေးဝေမှုနှင့် ၂၄ ပစ္စည်း ပဌာန်းအကျဉ်းတို့ကို ရွတ်ဖတ်တတ်လာပါပြီ။ အထက် တန်းနှင့် တက္ကသိုလ်ကျောင်းသား ဘဝရောက်တော့ ပရိတ်၊ ပဌာန်းအကျယ်ရွတ်၊ သမာဓိတည်ဆောက်မှု၊ ထပ်ဆင့်ဝိပသနာအားထုတ်မှုတွေ တတ်သိလာခဲ့ပါ တယ်။ ဘာသာရေးနဲ့ပတ်သက်တဲ့ စာပေတွေ အဖတ် များခဲ့ပါတယ်။

ဆရာတက္ကသိုလ်ဘုန်းနိုင်နှင့် ဆရာ ဒေါက်တာမင်းတင်မွန်တို့ရဲ့ အရိပ်အာဝါသအောက်မှာ ဘဝတက္ကသိုလ် တက်ရောက်ခဲ့ရတာပါ။ ရှေ့ဘဝ၊ နောက်ဘဝ၊ ကံ-ကံ၏အကျိုးတို့ကိုလည်း စိတ်ဝင် စားခဲ့ပါတယ်။ အသက်(၂၂)နှစ်မှာ မိုးကုတ်ဝိပသနာ တရားစခန်းမှာ ရဟန်းဝတ်နဲ့ တရားအားထုတ်ခဲ့ဖူး ပါတယ်။ ဒီလိုနဲ့ ကြီးပြင်းခဲ့တဲ့ ကျွန်တော် ဘုရားရှိခိုး၊ မေတ္တာပို့၊ အမျှအတန်းပေးဝေနဲ့ ပရိတ်၊ ပဌာန်းရွတ် တာတွေကို သက်ဝင်ယုံကြည်စွာ ပွားများခဲ့ပါတယ်။ အခါအားလျော်စွာ ဝင်လေ၊ ထွက်လေမှတ် တရား ထိုင်အလုပ်ကိုလည်း ခန္ဓာဉာဏ်စိုက် ရှုမှတ်လေ့ရှိခဲ့ ပါတယ်။

ယခု အသက်အရွယ်ရ၊ အသိတရားတွေရ လာတော့ ကျွန်တော့်ကိုကျွန်တော် အမြဲသတိပေး နေတာ ... ‘‘ငါ မနက်ဖြန်သေမယ်ဆိုရင် ဒီနေ့ဘာ လုပ်မလဲ’’ဆိုတာပါပဲ။

ကျွန်တော်ဝန်ထမ်းဘဝရောက်ကာ ကျောင်း ဆရာ ငါးနှစ်လုပ်ပြီးတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ဒုရဲအုပ် အရာရှိငယ်ဘဝနဲ့ ဌာနကူးပြောင်းတာဝန် ထမ်းဆောင်ခဲ့တာ ယနေ့အထိပါပဲ။ လက်ရှိ ကျွန်တော် ဟာ ‘ရဲဝန်ထမ်း’တစ်ယောက်ပေါ့။ ကျွန်တော် ယခုလို တင်ပြနေရတာကလည်း ‘ရဲဝန်ထမ်း’ တစ် ယောက်မှာလည်း ဒီလို အသိအကျင့်တွေ ရှိတယ် ဆိုတာ သိစေချင်လို့ပါ။ ကျွန်တော် ကောင်းခဲ့တာ ချည်းပဲ မဟုတ်ပါ။ ဆိုးခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

ကျွန်တော် ကျောင်းဆရာဘဝတုန်းက ကျောင်း တက်/ဆင်း တပည့်တွေနဲ့ အချိန်ကုန်၊ ဝါသနာပါတဲ့ ခြံစိုက်ပျိုးရေးလုပ်၊ အသွားအလာနည်း၊ အပေါင်း အသင်းနည်းခဲ့သူပါ။ ဒါပေမဲ့ ‘‘ရဲဝန်ထမ်း’’ ဘဝ ရောက်တော့ လူပေါင်းစုံ၊ ပြသနာပေါင်းစုံ၊ စရိုက် မျိုးစုံ၊ အထက်အောက် တပ်ဖွဲ့ဝင်တွေရဲ့ သဘာဝ တွေ၊ ရဲတပ်ဖွဲ့ဝင်တစ်ဦးရဲ့ ကျင်လည်မှုတွေကို ကောင်းကောင်း ကြုံတွေ့လာပါတော့တယ်။ ကျွန်တော် ကိုယ်တိုင်ပင်လျှင် သောက်စားပျော်ပါး၊ အကျင့်ပျက် အကုသိုလ်တရားတွေ လုပ်လာမိပါတော့တယ်။ ရဲ ဝန်ထမ်းဖြစ်လို့ ပျက်စီးသွားတာမဟုတ်ပါဘူး။ ကိုယ့် စိတ်ကိုက အကုသိုလ်တရားဘက် ပါသွားတာပါ။ ဒါပေမဲ့ ကျွန်တော် ဘယ်တော့မှ ဘာသာတရား မမေ့ခဲ့ပါဘူး။

ရဲတပ်ဖွဲ့မှာ တကယ့်ကို ကြည်ညိုလေးစားရမယ့် ဆရာ တွေ၊ လုပ်ဖော်ကိုင်ဖက်တွေ တွေ့ခဲ့ဖူးပါရဲ့။ ‘‘လာဘ်စားရမှာ ကို’’ တကယ်ရွံ့မုန်းတဲ့သူကို တွေ့ ခဲ့ဖူးတယ်ဗျာ။ သူက ပြောဖူး တယ် ‘‘ငါ အဲဒီလိုရှာဖွေ တောင်း ရမ်းယူလို့ရတဲ့ ပိုက်ဆံတွေ မလို ချင်ဘူး၊ ဝါသနာလည်း မပါဘူး၊ စိတ်လည်း မသန့်ဘူးတဲ့ဗျာ’’ ယခုထိ ရဲတပ်ဖွဲ့မှာ ရှိနေပါသေး တယ်။ အားနေရင် ပရိတ်ရွတ်၊ ပဌာန်းတွေပဲရွတ်နေတာ။ သူ့ မျက်နှာက ရုပ်မလှပေမယ့် အမြဲ ကြည်လင်နေတာပဲ။

အဲဒီလိုရဲ့ ဆန့်ကျင်ဘက် အံ့သြလောက်အောင် အရာရှိဆိုး ဆိုးကိုလည်း တွေ့ဖူး၊ ကြားဖူး ခဲ့တယ်။ ဘယ်လောက်ဆိုးလည်း ဆိုရင် ကိုယ့်အောက်က တပ်ဖွဲ့ဝင်ကို ‘‘မင်း အရက် မူးနေတယ်၊ ဘာမှ မသိဘူး မဟုတ်လား’’လို့ပြောပြီး မစင်ပုံကို တုတ်နဲ့ကော်ပြီး စားခိုင်းတယ်။ ရဲဘော် ခင်မျာ ကြောက်လို့စားရတယ်။ သူကတော့ အရက် သောက်တာ မပျက်ဘူး။ ဝဋ်ဘယ်လို ပြန်လည် မလဲတော့ မသိဘူး။ ကျွန်တော်နဲ့လည်း တစ်နေရာမှာ ဆုံဖူးခဲ့ပါတယ်။ ရိုင်းလိုက်တာ လွန်ရော ... ဘာသာ တရားဆိုတာ လုံးလုံးမသိတာဗျာ။ အဖြေက အဲဒါပဲ။

ဘာသာတရားပေါ်မှာ လိုက်နာကျင့်ကြံမှု များလေလေ လူနဲ့ လူ့ပတ်ဝန်းကျင် သာယာ အေး ချမ်းလေလေပါ။ ယခုကာလတွေကိုကြည့်ရင် ဘာ သာတရားကိုးကွယ်မှု၊ လိုက်နာကျင့်ကြံမှုတွေ နည်း သလား၊ များသလားကို သိနိုင်ပါတယ်။ သိနိုင်တဲ့ အသိရှိရင်ပေါ့။ အကြီးအကဲ (သို့) အုပ်ချုပ်သူတွေဟာ စစ်မှန်တဲ့ ဘာသာတရားကိုသာ နှလုံးသွင်းထားတဲ့သူ ဆိုရင် အောက်ခြေလူတန်းစားတွေ ဘဝစိတ်ချမ်းသာ စေနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူသားချင်း စာနာစိတ်နဲ့ ကုသိုလ်စိတ်တွေ များလို့ပါပဲ။

ကျွန်တော် ပြန်တမ်းဝင်အရာရှိ စဖြစ်တဲ့နေ့ မှာပဲ အသိတစ်ခုဝင်လာပါတယ် (အနိမ့်ဆုံး အရာရှိ အဆင့်ပါ) ငါလူကြီးလုပ်ပြီး ကိုယ်ကျင့်တရား မကောင်း ဘဲ တပ်ဖွဲ့ဝင်တွေရှေ့မှာ ဘယ်မျက်နှာနဲ့ ပြမလဲ။ နောက်ပြီး ကိုယ့်ရဲ့သမိုင်း၊ ကိုယ့်ရဲ့သားသမီးတွေကို ပတ်ဝန်းကျင်က ပြောမှာ ... ‘‘ဒီကောင့်ရဲ့ သားသမီး တွေပေါ့ကွာ’’လို့ အပြောခံရမှာ။ ကျွန်တော် မှားခဲ့တဲ့ အမှားတွေ ပြင်လိုက်ပါတယ်။ ယခု ‘‘ကျွန်တော် ရဲမှ ရဲစစ်စစ်ဖြစ်နေပါပြီ‘‘ ပြည်သူ့အတွက်၊ ဘဝ အတွက် အမှန်တရားတွေနဲ့ ပေးဆပ်ဖို့ပါ။

ကျွန်တော့်အကျင့်တစ်ခုက ရောက်တဲ့ စခန်း တိုင်းမှာ မနက်စောစော အိပ်ရာထ၊ ကိုယ်လက် သန့်စင်၊ အဝတ်လဲ၊ ဘုရားရှိခိုး မေတ္တာပို့ အမျှ အတန်း ပေးဝေပြီးတာနဲ့ အိမ်ရှေ့တံခါးဖွင့်ပြီး တံခါးဝ ရပ်ကာ (ဒါမှမဟုတ်) စခန်းဝရှေ့မှာ ရပ်လျက် အမွေး တိုင်ထွန်းပြီး မေတ္တသုတ်၊ မောရသုတ်၊ ပုဗ္ဗဏသုတ် တို့ကို သက်ဝင်ယုံကြည်စွာဖြင့် အမြဲရွတ်လေ့ရှိပါ တယ်။ ပြီးပါကလည်း သမ္ဗုဒေ္ဓဂါထာကို သက်စေ့/ သက်ကျော် ရွတ်ပါတယ်။ မွေးနေ့တိုင်း အသားလွတ် စားခြင်း၊ ရက်အပတ်လိုက် အဓိဌာန်ဝင် အသားလွတ် စားခြင်းတို့ကိုလည်း လုပ်လေ့ရှိပါတယ်။ ကြုံလို့ ပြောရရင် တစ်ခါ ကျွန်တော် အဓိဌာန်ဝင်တာ ပျက်သွားဖူးတယ်။ အဲ့ဒီ ညမှာ ကျွန်တော်ကိုယ်ပေါ် တက်ခွပြီး လည်ပင်းညစ်ပါလေရောဗျာ။ ကိုယ်တွေ့ပါ။ (အလျဉ်းသင့်ရင် သီးခြားဖော်ပြပါမည်)

ဒီလိုနဲ့ နေလာတဲ့ကျွန်တော်ဟာ ရဲတပ်ဖွဲ့ထဲ မှာ ခြောက်နှစ်လောက်ရောက်တော့ အမှုကိစ္စတစ်ခုနဲ့ ပတ်သက်ပြီး စတင်ကြုံရကစလို့ အမှတ်တမဲ့မှ ထပ်ခါထပ်ခါ သိသိသာသာ ထူးခြားမှုတွေ တွေ့လာရ ပါတော့တယ်။

ကိုယ်တွေ့ဖြစ်ရပ်အပိုင်း(၁)

၂ဝ၁၅ ခုနှစ် ...

မအူပင်မြို့နယ်၊ တာတပေါရဲစခန်းမှာ ဒုရဲအုပ် အမှုစစ်တာဝန် စတင်တာဝန်ထမ်းဆောင်ခဲ့စဉ်က စခန်းမှူးက ခွင့်ပြန်တယ်။ သူစစ်နေတဲ့ သုံကြိုင် စိုက်ကွင်းက စက်ခိုးမှုကို စစ်ထားပေးဖို့ တာဝန် ပေးခဲ့တယ်။

တစ်နေ့ မနက်(၈)နာရီလောက်မှာ ကျွန်တော် အမှုသွားစစ်ဖို့ အကူစာရေး ရဲတပ်သား ကိုကိုလွင်ကို ခေါ်ပြီး သုံကြိုင်စိုက်ကွင်းကို စခန်းအနောက်ဘက် ကနေ လမ်းလျှောက်သွားခဲ့တယ်။ မိနစ် ၂ဝ လောက် ပဲ လျှောက်ရတယ်။ စိုက်ကွင်းရောက်တော့ တာဝန်ခံ နဲ့တွေ့ပြီး စိုက်ကွင်းရုံးမှာ စစ်ဆေးဖို့ စီစဉ်ပေးပါ တယ်။ စိုက်ကွင်းမှ သက်သေ နှစ်ဦးလည်း အနား မှာ ခေါ်ထားပြီး စစ်ခဲ့ပါတယ်။ ပထမတစ်ယောက် စစ်ပြီးသွားတော့ ဒုတိယတစ်ယောက် ထပ်စစ်ပါ တယ်။ သက်သေတွေပေါ့။ သူ့နာမည်က သန်းထွန်း (အမည်လွဲ) အသက်က (၂ဝ)ဝန်းကျင် ရိုးသားမှု ရှိပါတယ်။ သူသိသမျှကို ပြောပြရှာပါတယ်။ ဘယ် လောက်ထိ ရိုးသလဲဆိုရင် စစ်နေတာက စက် ပျောက်တာ (ရေတင်စက်၊ တရုတ်နီ) ဆီခိုးတာက အစ၊ ဓာတ်မြေသြဇာခိုးတာတွေရော သူသိသမျှ ပြောတော့တာပဲ။

ဒါနဲ့ အမှုစစ်နေရာမှ ‘‘ကဲ ...ထမင်းစား ခဏနားရအောင် ပြီးမှပြန်စစ်မယ်။ မင်းသိတာတွေ အကုန်ထပ် စဉ်းစားပြီး ပြန်ပြော။ ထိန်ချန်ထားရင် မင်းပါ ပတ်သက်လိမ့်မယ်။ သက်သေကနေ တရားခံ ဖြစ်သွားမယ်နော်’’ စသည်ဖြင့် စကားတွေနှပ် ကြောင်းပေး ပြောဆိုပြီး ခဏပြန်ခိုင်းလိုက်ပါတယ်။

ကျွန်တော်နဲ့ တပ်သားကိုကိုလွင်လည်း သုံ ကြိုင် စိုက်ကွင်းမှူးအိမ်မှာ ထမင်းစားသောက်ပြီး ခဏနားနေစဉ် စိုက်ကွင်းမှ အလုပ်သမားတစ်ဦး အ ပြေးရောက်လာပြီး ‘‘ခုနက အမှုစစ်လိုက်တဲ့ သန်း ထွန်း ပိုးသတ်ဆေးသောက်လိုက်လို့ တာတပေါရွာရှိ  ကျန်းမာရေးဆရာမထံ ခေါ်သွားကြပြီတဲ့’’

‘‘ရင်ထဲမှာ ဒိန်းခနဲဖြစ်သွားပြီး ကပျာကယာ လှမ်းကြည့်လိုက်ရာ ဟုတ်ပါတယ်။ သူ့အိမ်မှ မိသား စုနဲ့ လုပ်ဖော်ကိုင်ဖက်အချို့ ထမ်းခေါ်သွားကြတာကို လှမ်းတွေ့လိုက်ရပါတယ်။ ကျွန်တော် စိုးရိမ်စိတ် သောကတွေ ဝင်လာပါတော့တယ်။ သေသွားရင် ဘယ်လိုရှင်းရမလဲ။ လူကြားလို့မှမကောင်း ... ရဲ အမှုစစ်လို့ စိတ်ညစ်ပြီး အဆိပ် သောက်သေတာ တဲ့။ ဒါမှမဟုတ် ရဲကများ နှိပ်စက်လိုက်လို့ မမှန် သတင်းတွေထွက်ရင် ဒုက္ခ ...။ ရွာဆိုတာကလည်း အသိဉာဏ်နည်းပါးဘိ။ အပေါ်က လူကြီးတွေက ကော ‘‘ဘယ်လိုဖြစ်လို့ လူသေအောင်စစ်ရတာလဲ’’ လာဦးမှာ ကြိမ်းသေ ...။ စဉ်းစားရင်း ... စဉ်းစားရင်း ...။

ပြန်ရင်ကောင်းမလား ...ထပ်စစ်ရဦးမလား။ ဒီပြသနာ ဒီအတိုင်းထားခဲ့လို့လည်း မဖြစ်။ ကဲ ... ဖြစ်ချင်တာဖြစ်ကွ။ စောင့်ကြည့်ပြီးမှ ပြန်တာ ကောင်း ပါတယ်လို့ ဆုံးဖြတ်ချက်ချလိုက်ကာ စိုက်ကွင်းမှူး အိမ်၌ပင် ထိုင်စောင့်နေလိုက်ပါတော့တယ်။ ဘေးနား ကြည့်လိုက်တော့ တပ်သားကိုကိုလွင်ခဗျာ။ မျက်နှာ ငယ်နဲ့ သူ့စိတ်ထဲမှာတော့ ‘‘ဒီနေ့ တွတ်ပီ ကံ မကောင်းပါလား လူပေါင်းမှားပြီပေါ့’’အကြည့်က - ‘‘ဘယ်နဲ့လုပ်ကြမလဲပေါ့’’။ ဒီကြားထဲ ဒုစိုက်ကွင်းမှူး ကိုသက်လွင်က အရက်မူးမူးနဲ့ - ‘‘ဗိုလ်လေးရာ ဘာမှမဖြစ်ပါဘူး၊ ဒီကောင် တွေအကြောင်း ကျွန်တော် သိတယ်။ လုပ်ဇာတ် ခင်းလိုက်တာ’’ 

‘‘ငုံပြီးထွေးလိုက်တာပါ ... ဘယ်သောက်ရဲ မလဲတဲ့...’’ 

စိတ်ညစ်ရတဲ့အထဲ မူးမူးနဲ့ ဘာတွေ လာ ပြောမှန်းမသိ ...။

ခဏကြာတော့ အလုပ်သမားတစ်ယောက် ကပျာကယာရောက်လာပြီး ‘‘သန်းထွန်းဆုံးပြီတဲ့’’။

‘‘ဟာ’’ 

ကျွန်တော်လည်း တစ်ခွန်းပဲ အသံထွက်နိုင်ပါ တော့တယ်။ တပ်သားကိုကိုလွင်ခင်မျာ ‘‘ဗိုလ်လေး ပြန်ကြရအောင် ... ပြီးမှ ရွာလူကြီးတွေခေါ်ပြီး ဆက်လုပ်ကြတာပေါ့ ... ကြာကြာနေလို့ မကောင်း ဘူး။ စိုးရိမ် ကြောက်ရွံ့မှုတွေနဲ့ ပြောလာပါသည်။ ကျွန်တော်လည်း ကာယကံရှင်မိသားစုတစ်ဦးကို ခေါ် ခိုင်းပြီး စိုက်ကွင်းတာဝန်ရှိ သူတွေကို ယခု သေဆုံး မှုနဲ့ပတ်သက်ပြီး ဆောင်ရွက်ရန်ရှိပါတယ်။ အလောင်း ကို ဘာမှ မလုပ်ကြပါနဲ့ဦးဟုမှာကာ စခန်းသို့ ပြန်ခဲ့ ပါတော့တယ်။

စခန်းမှာ စခန်းမှူးကလည်း မရှိ ...။ သေ ဆုံးမှုနဲ့ပတ်သက်ပြီး သေမှုသေခင်းဖွင့်ရမည်။ မဖွင့် လို့ကလည်း မဖြစ်။ နောင်မှ ပြသနာပေါ်ရင် ရှင်းလို့ ရမှာမဟုတ်ဘူး။ အလောင်းရှိရာကို ပြန်သွားဖို့ ကလည်း ခုနလေးတင် မိသားစု ခေါ်ပြောတုန်းက ‘‘ရဲ’’ကို ကြည်ဖြူပုံမရ ...။ ပါလာတဲ့ကောင်တွေ ကလည်း အချိုးမပြေတဲ့ပုံစံတွေနဲ့ ပြသနာဖြစ်နိုင် တယ်။

ကဲ ...စိတ်ကို ဒုန်းဒုန်းချလိုက်ပြီး ငြိမ်အောင် နေလိုက်တယ်။ ပြီးတော့ ရွတ်နေကြ ရတနာသုံးပါး ဂုဏ်တော်၊  ပရိတ်တို့ကို အာရုံပြုပြီးရွတ် ...ပြီးတော့ လိုအပ်တဲ့ စာရွက်စာတမ်းယူ၊ ရဲတပ်သား ကိုကိုလွင် ရှာမတွေ့တော့ ရဲဘော်နောက်ထပ်တစ်ဦးနဲ့ ရွာထဲက ရယက တစ်ဦးကိုခေါ်ပြီး သေဆုံးသူအိမ်ကို ထွက်ခဲ့ပါ တော့တယ်။ ရွာထဲမှာလည်း ‘‘ရဲအမှုစစ်လိုက်တာ လူသေသွားလို့တဲ့ ...’’ ‘‘မတရားနှိပ်စက်လို့ နေ မှာပေါ့...’’စသည်ဖြင့် သတင်းများ ပျံ့နှံနေပါ တော့သည်။

လမ်းသွားရင်း မေတ္တသုတ်၊ မောရသုတ်၊ ပုဗ္ဗဏသုတ်တို့ကို ထပ်တလဲလဲ ရွတ်ရင်း အတွေးထဲ ကလည်း အလောင်းကို ဆေးရုံပို့ရမည်။ မပေးရင် ဘယ်လိုလုပ်မလဲ။ တိုင်ကြ ...တောကြရင် ... ပြသနာရှင်းရဦးမယ်။ ‘‘ဖြစ်ချင်ဦးဟ ...ရဲဘဝ’’ ငါဖာသာ ကျောင်းဆရာလုပ်တာ အကောင်းသား စသည်ဖြင့် တွေးရင်း ရွတ်ရင်းနဲ့ သန်းထွန်း အိမ်ရှေ့ ရောက်ခဲ့ပါတယ်။

အိမ်ရှေ့မှ လူတချို့ ထင်းခွဲနေကြရမှာ ပေါက် ဆိန်၊ ဓားမတို့ကိုင်လျက် မကြည်အကြည့်များဖြင့် ကြည့်နေကြသည်ကို သတိထားလိုက်မိတယ်။ ကျွန်တော်လည်း အိမ်ပေါ်တက်လိုက်တော့ သန်းထွန်း အလောင်းက အိမ်ရှေ့ခန်းမှာ ချထားပြီး မိသားစုများ ငိုနေကြရာမှ ကျွန်တော့်ကို လှမ်းကြည့်ပြီး ဘာမျှ တော့ မပြော ...။ ကျွန်တော် ခေါင်းညိတ် ခွင့် တောင်းပြီး ကုလားထိုင်၌ ထိုင်မည်ပြုစဉ် ... အသက်ကြီးကြီး (၆ဝ)အရွယ်လူကြီးတစ်ဦး အိမ် နောက်ဘက်ခန်းမှ ထွက်လာပြီး ‘‘ဗိုလ်လေးဆိုတာ မင်းလားကွ ...’’ ပြသနာတော့စပြီထင်တယ်။ 

‘‘ဟုတ် ... ဟုတ်ကဲ့ခင်ဗျာ...’’ 

‘‘လာထိုင်ကွာ’’ 

‘‘ဒီကိစ္စ မင်းနဲ့ဘာမှမဆိုင်ဘူး စိတ်မညစ် နေနဲ့။ သူဖာသာ သူဖြစ်တာ။ သူ့ကို သိုက်ကခေါ် သွားတာ။ ငါက သူတို့ဘကြီးပဲ။ မလက်တိုရွာက ဇော်ဂျီပျံ လှေလှော်တဲ့သူကွ ကြားဖူးလား။ ငါဒီ ဘက်ရောက်ရင်း ဒီသတင်းကြားလို့ ဝင်လာတာ။ ပြီးခဲ့တဲ့ တစ်လကတည်းက ဒီကောင်ငါ့ကို ပြောနေ တာ။ ကျွန်တော် မနေရတော့ဘူး ...သိုက်ပြန် သွားရမှာတဲ့။ အခု သူ့သိုက်ကို ပြန်သွားတာ သွား တိုက်ဆိုင်တာပေါ့။ ဘာမှစိတ်မကောင်းမဖြစ်နဲ့ ... မင်းလည်း ဘာမှလုပ်တာမဟုတ်ဘူး။ ကဲ ...ကဲ မင်းတို့ လုပ်စရာရှိတာလုပ် ... ငါတို့က ဘာလုပ်ပေး ရမလဲပြော ...’’စသည်ဖြင့် အံ့သြလွန်းလို့ ဘာ ပြောရမှန်းတောင် မသိဖြစ်သွားတယ်။

‘‘ဒီ ... ဒီလိုပါခင်ဗျာ ယခုသေဆုံးမှုက သွေးရိုးသားရိုးသေတာ ... သူ့ကိုယ်သူ အဆိပ် သောက် သေတာ ဟုတ်မဟုတ်။ ဒါမှမဟုတ် ကျွန် တော်တို့ မတရားလုပ်လို့ ဒဏ်ရာရပြီး သေတာ စသည်ဖြင့်ပေါ့ ...သေချာအောင် ဆေးရုံမှာ စစ် ဆေးကြည့်ရပါတယ်။ ဒါကြောင့် အလောင်းကို ဆေးရုံသယ်သွားဖို့ လိုပါတယ် ... ပြီးရင် တစ်ခါ တည်း ပြန်သယ်လာလို့ရပါတယ် ...’’ဟု ပြောပြ လိုက်ရာ -

‘‘အေး ဟုတ်တာပေါ့ ...ဟေ့ကောင်တွေ အောက်ကကောင်တွေ ပဲ့တောင်ပြင်။ အလောင်း မအူပင်ဆေးရုံပို့ဖို့ လုပ် ... ဒီဗိုလ်လေးကို မင်းတို့ ဝိုင်းလုပ်ပေးလိုက် ကြားလား’’

အားလုံးက ‘‘ဟုတ်ကဲ့ ...ဘကြီး’’တဲ့။ 

‘‘အချိန်ရှိတုန်း မြန်မြန်လုပ်ကွ ...’’ 

ကျွန်တော်လည်း သက်ပြင်းရှည်ကို မသိ မသာချပြီး လန်းဆန်းပေါ့ပါးလို့ ဘကြီးရှေ့ ငုတ် တုတ်ထိုင်ပြီး ရှိခိုးဦးချလိုက်ပါတော့တယ်။ သြဇာ ကြီးလိုက်တဲ့ ဘကြီး ...။

နောက်ဆုံး သူတို့မိသားစုနဲ့ အလောင်းဆေးရုံ ပို့ ပြန်သယ် အစအဆုံး အဆင်ပြေလို့ ဆရာဝန် ကလည်း အဆိပ်သောက်လို့ပါတဲ့ ဘာဒဏ်ရာမှ မရှိပါဘူးတဲ့ ...။ သူတို့လည်း အမြင်ကြည် ...။ အပြန် ပဲ့တောင်ပေါ်မှ ဝိုင်းလုပ်ပေးတဲ့အဖွဲ့ကို ကျွန် တော် ချူဆီ(တောအရက်နဲ့) အမြည်း)ဝယ်ပေးလိုက် တော့ တပြုံးပြုံးနဲ့ စကားတွေ ပြောလာလိုက်တာ။

အံ့သြဖို့ကောင်းလိုက်ပါ၏။ ဘာပြသနာ တစိုးတစိမှ မဖြစ်ဘဲ ငိုအားထက် ရယ်အားသန် ရမလိုပါဘဲ။ ကျွန်တော် ကံကောင်းလိုက်တာ ...။ ဘာသာတရားရဲ့ ကျေးဇူးပေါ့ ...။

‘‘သိုက်က ပြန်ခေါ်သွားတာတဲ့ ... သိုက် ကယ်လိုက်တာ ...’’

(ထပ်မံ၍ ကိုယ်တွေ့ဖြစ်ရပ်မှန် အပိုင်း(၂)ကို ဖော်ပြပါဦးမည်)

ဇမျိုးနော်

Share